ကာကွယ်ဆေး နောက်ဆုံးအဆင့် စမ်းသပ်မှုမှာ လူဦးရေ ၄၄,၀၀၀ နီးပါး ပါဝင်စမ်းသပ်ခံခဲ့ကြပါတယ်။

လူတွေကို COVID-19 ကနေ ၉၀ ရာခိုင်နှုန်းကျော် ကာကွယ်ပေးနိုင်တဲ့ ပထမဆုံး ကာကွယ်ဆေးတစ်မျိုး ရရှိနိုင်တော့မယ်လို့ ဆိုပါတယ်။

(Photo: Dado Ruvic/Reuters)

အမေရိကန် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Pfizer နဲ့ ဂျာမနီ ဇီဝနည်းပညာကုမ္ပဏီ BioNTech တို့ ပူးပေါင်းထုတ်လုပ်တဲ့ ကာကွယ်ဆေးစမ်းသပ်မှုရလဒ်ကို အစောပိုင်း လေ့လာဆန်းစစ်မှု အချက်အလက်တွေအရ COVID0-19 ရောဂါမဖြစ်စေရန် ၉၀ ရာခိုင်နှုန်းကျော် ထိရောက်စွာ ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။



ယခုလနှောင်းပိုင်းမှာ အမေရိကန်နိုင်ငံရဲ့ အစားအစာနဲ့ ဆေးဝါးကြီးကြပ်ရေးအဖွဲ့ (FDA) ထံမှ အရေးပေါ်သုံးအဖြစ် ခွင့်ပြချက်တောင်းခံသွားမယ်လို့ Pfizer က ပြောပါတယ်။ Pfizer က ယနေ့ (နိုဝင်ဘာ ၉ ရက်) ထုတ်ပြန်ကြေညာချက်အရ လွတ်လပ်တဲ့ စောင့်ကြည့်အဖွဲ့က ကာကွယ်ဆေးစမ်းသပ်မှုရလဒ်ကို ကြားဖြတ်လေ့လာဆန်းစစ်ခဲ့တယ်လို့ ဆိုပါတယ်။

(Photo: EPA-EFE)

Pfizer နဲ့ BioNTech တို့ရဲ့ COVID-19 ကာကွယ်ဆေး နောက်ဆုံးအဆင့် စမ်းသပ်မှုတွေကို အမေရိကန်နဲ့ အခြားနိုင်ငံ ငါးနိုင်ငံမှာ ပြုလုပ်ခဲ့ပြီး လူဦးရေ ၄၄,၀၀၀ နီးပါး ပါဝင်စမ်းသပ်ခံခဲ့ကြပြီး ဘေးအန္တရာယ်ကင်းမှုနဲ့ ပတ်သက်တဲ့ စိုးရိမ်စရာများ မရှိခဲ့ကြောင်း သိရပါတယ်။ ပိုမိုကောင်းမွန်တဲ့ ကုထုံးတွေနဲ့အတူ ကာကွယ်ဆေးတစ်မျိုးရရှိလာခြင်းက ကမ္ဘာတစ်ဝန်းရှိ လူတွေကို ကန့်သတ်ချက်များအောက်မှ နေထိုင်ရမှုကနေ လွတ်မြောက်စေနိုင်မယ့် အကောင်းဆုံးနည်းလမ်းအဖြစ် ယူဆထားကြပါတယ်။

Phase 3 စမ်းသပ်မှုလို့ သိထားကြတဲ့ နောက်ဆုံးအဆင့် စမ်းသပ်မှုများ လုပ်ဆောင်နေတဲ့ COVID-19 ကာကွယ်ဆေး တစ်ဒါဇင်ဝန်းကျင်ရှိနေပေမဲ့ Pfizer နဲ့ BioNTech တို့ရဲ့ဆေးက စမ်းသပ်မှုရလဒ် ထုတ်ပြန်ခဲ့တဲ့ ပထမဆုံး ကာကွယ်ဆေးဖြစ်လာပါတယ်။

(Photo: Getty Images)

ယခုကာကွယ်ဆေး အလုပ်လုပ်ဟာ ဗိုင်းရပ်စ်ရဲ့မျိုးဗီဇ (virus's genetic code သို့မဟုတ် RNA) တစ်စိတ်တစ်ပိုင်းကို ထိုးနှံပေးလိုက်ပြီး ခန္ဓာကိုယ်ရဲ့ ကိုယ်ခံစွမ်အားစနစ် တုံ့ပြန်နိုင်ရန် လေ့ကျင့်ပေးခြင်းဖြစ်ကြောင်း သိရပါတယ်။ ကာကွယ်ဆေးဟာ ခန္ဓာကိုယ်ကို ပဋိပစ္စည်းများ ထုတ်လုပ်ရန်နဲ့ ကိုယ်ခံစွမ်းအားရဲ့ နောက်ထပ် အစိတ်အပိုင်းဖြစ်တဲ့ T-cells က ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ကို တိုက်ခိုက်ရန် လေ့ကျင့်ပေးကြောင်း ယခင် စမ်းသပ်မှုတွေက အထောက်အထားပြသခဲ့ပါတယ်။

Pfizer နဲ့ BioNTech တို့ရဲ့ COVID-19 ကာကွယ်ဆေးကို သုံးပတ်ခြားပြီး နှစ်ကြိမ်ထိုးရန် လိုအပ်ပါတယ်။ အမေရိကန်၊ ဂျာမနီ၊ ဘရာဇီး၊ အာဂျင်တီးနား၊ တောင်အာဖရိကနဲ့ တူရကီ နိုင်ငံတွေမှာ အဆိုပါ ကာကွယ်ဆေး နောက်ဆုံးအဆင့် စမ်းသပ်မှုများ လုပ်ဆောင်ခဲ့ရာ ဒုတိယအကြိမ် ထိုးနှံပြီးနောက် ခုနစ်ရက်အကြာမှာ COVID-19 ကို ၉၀ ရာခိုင်နှုန်း ကာကွယ်နိုင်ကြောင်း တွေ့ရှိခဲ့ရပါတယ်။

Pfizer က ယခုနှစ်ကုန်မှာ ၎င်းတို့ရဲ့ ကာကွယ်ဆေးကို အရေအတွက် သန်း ၅၀ နဲ့ ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းအရောက်မှာ ကာကွယ်ဆေး ၁.၃ ဘီလီယံဝန်းကျင် ထုတ်လုပ်နိုင်မယ်လို့ ထုတ်လုပ်နိုင်မယ်လို့ ယုံကြည်ထားကြောင်း သိရပါတယ်။ သို့သော် ကာကွယ်ဆေး သယ်ယူပို့ဆောင်ရာမှာတော့ အပူချိန်ကို အနုတ် ၇၀ ဒီဂရီဆဲလ်စီးယပ်အောက်မှာ ထိန်းထားရမှာဖြစ်ရာ စိန်ခေါ်မှုတွေရှိနေတယ်လို့ ဆိုပါတယ်။

ယမန်နှစ် ဒီဇင်ဘာလကုန်ပိုင်းက တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ခဲ့ရတဲ့ COVID-19 ဟာ လက်ရှိအချိန်အထိ ကမ္ဘာ့လူဦးရေ သန်း ၅၀ ကျော်မှာ ကူးစက်သွားခဲ့ပြီး ၁.၂၅ သန်းကျော် သေဆုံးခဲ့ကာ ပြန်လည်သက်သာသူ ၃၅ သန်းကျော်ရှိခဲ့ပါတယ်။

Source: AP, BBC

Share

Loading Next Article...
က္က