Honor စမတ်ဖုန်းအမှတ်တံဆိပ်ကို ယွမ် ဘီလျံ ၁၀၀ (ဒေါ်လာ ၁၅.၂ ဘီလျံ) ဈေးနဲ့ ရောင်းချသွားမယ်လို့ သတင်းတွေ ထွက်နေပါတယ်။
Huawei ဟာ Honor ကို ဖုန်းလက်ကားဖြန့်တဲ့ Digital China နဲ့ ရှန်းကျန့်မြို့အစိုးရအဖွဲ့ဆီ ရောငးချဖို့ စီစဉ်နေတယ်လို့ Gizmochina သတင်းမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက Huawei ဟာ Honor စီးပွားရေးလုပ်ငန်းတွေ ရောင်းချဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်နေခဲ့တာပါ။

Photo: gizmochina
အမေရိကန်အစိုးရရဲ့ ပိတ်ဆို့ကန့်သတ်မှုတွေကြောင့် Supply အဝင် ကန့်သတ်မှုတွေနဲ့ ကြုံတွေ့နေရစဉ် Honor ကို ရောင်းချဖို့ လုပ်ဆောင်လာတာ ဖြစ်ပါတယ်။ Honor ကို ရောင်းချဖို့ သတင်းထွက်လာပြီးနောက် ဒီ brand ကို Digital China Group နဲ့ Xiaomi ၊ TCL တို့လည်း ပါဝင်တယ်လို့ သတင်းထွက်ခဲ့ပါတယ်။
Digital China ဟာ ၂၀၀၁ ခုနှစ်မှာ Lenovo အဖြစ် ပြောင်းလိုက်တဲ့ Legend Holdings ရဲ့ လက်အောက်ခံလုပ်ငန်းတစ်ခု ဖြစ်တယ်လို့ ဆိုပါတယ်။ Digital China ဟာ Honor ဖုန်းတွေ အဓိက ဖြန့်ဖြူးသူလည်း ဖြစ်သလို Honor Terminal ကုမ္ပဏီမှာ ရှယ်ယာ ၁၅% နီးပါးနဲ့ ကုမ္ပဏီရဲ့ ထိပ်တန်းရှယ်ယာရှင်နှစ်ဦးထဲ ပါဝင်လာမယ်လို့ သတင်းထွက်နေပါတယ်။
Photo: gizmochina
Digital China ဟာ cloud computing ပိုင်းလို စီးပွားရေးလုပ်ငန်းတွေမှာ Huawei နဲ့ မိတ်ဖက်ပြုပူးပေါင်းပါတယ်။ နီးစပ်တဲ့ သတင်းအရင်းအမြစ်နှစ်ခုကတော့ ဘဏ်ချေးငွေနဲ့ ဝယ်ယူသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။ ဒီဝယ်ယူမှုမှာ ရှန်းကျန့်မှ အစိုးရဘဏ္ဍာရေးနဲ့ နည်းပညာအဖွဲ့က ကျောထောက်နောက်ခံပြုထားတဲ့ ရင်းနှီးမြှပ်နှံမှုလုပ်ငန်း အနည်းဆုံး ၃ ခုလည်း ပါဝင်လာပြီး တစ်ခုကို Honor မှာ ရှယ်ယာ ၁၀% ကနေ ၁၅% အထိ ပိုင်ဆိုင်ဖို့ ရှိပါတယ်။
အရောင်းအဝယ်ပြီးပြတ်ပြီးနောက် Honor အနေနဲ့ ကုမ္ပဏီရဲ့ စီမံခန့်ခွဲမှုအင်အားအများစုဟာ လက်ရှိအတိုင်း ရှိမှာ ဖြစ်ပြီး ဝန်ထမ်းအင်အား ၇၀၀၀ ထပ်တိုးဖို့ စီစဉ်ထားပါတယ်။ သုံးနှစ်အတွင်း အများပိုင်လုပ်ငန်းတစ်ခုအဖြစ်လည်း ပြောင်းဖို့ ရှိတယ်လို့လည်း သတင်းတွေ ထွက်နေပေမယ့် Honor ၊ Huawei ၊ Digital China နဲ့ ရှန်းကျန့်အစိုးရတို့ကတော့ မှတ်ချက်ချခြင်း မရှိသေးပါဘူး။