အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ကြောင်း လက်ရှိသမ္မတဒေါ်နယ်ထရန့်က ဝန်မခံသေးကြောင်းနဲ့ အနိုင်ရရှိသူ ဂျိုးဘိုင်ဒန်ကတော့ COVID-19 ထိန်းချုပ်တိုက်ဖျက်ရေး အစီအစဥ်များ၊ နိုင်ငံတကာခေါင်းဆောင်များနဲ့ ဖုန်းဆက်သွယ်ပြောဆိုမှုများ အပါအဝင် ရွေးကောက်ခံသမ္မတတစ်ဦးအဖြစ် အာဏာလွှဲပြောင်းရယူရန် ဆောင်ရွက်နေပါတယ်။
(Photo: AFP)
ထရန့်ကတော့ ရွေးကောက်ပွဲရှုံးနိမ့်ကြောင်း ဝန်မခံသေးဘဲ ဥပဒေကြောင်းအရ အရေးဆို စိန်ခေါ်မှုတွေလုပ်ရန် ပြင်ဆင်နေတယ်လို့ ဆိုပါတယ်။ ထရန့်က သမ္မတရွေးကောက်ပွဲမှာ ရှုံးနိမ့်ကြောင်း ဝန်မခံသေးခြင်းက ရှက်စရာလို့ထင်ကြောင်းနဲ့ အာဏာလွှဲပြောင်းရေးကို ရပ်တန့်စေမှာမဟုတ်ကြောင်း ဂျိုးဘိုင်ဒန်က အခိုင်အမာ ပြောထားပါတယ်။
အမေရိကန်သမိုင်းရဲ့ ပထမဆုံး အမျိုးသမီးဒုတိယသမ္မတ ကမ်မလာဟာရစ်
ထိုအတောအတွင်း အဓိက သတင်းဌာနအားလုံးက ၎င်းရှုံးနိမ့်ကြောင်း ခန့်မှန်းထားတဲ့ သမ္မတရွေးကောက်ပွဲမှာ နောက်ဆုံးကျရင် ၎င်းအနိုင်ရမယ်လို့ Twitter မှာ ရေးသားခဲ့ပါတယ်။ လေးနှစ်တစ်ကြိမ် ရွေးကောက်ပွဲတိုင်းမှာ ပြည်နယ်အားလုံးရဲ့ မဲရလဒ်တွေ မစုံလင်မီ အမေရိကန်မီဒီယာက အနိုင်ရရှိသူကို ခန့်မှန်းဖော်ပြလေ့ရှိပါတယ်။
(Photo: Reuters)
ယခုနှစ်မှာလည်း ပြည်နယ်တွေရဲ့ မဲရလဒ်တွေကို အတည်ပြုခဲ့ခြင်း မရှိသေးဘဲ မဲရေတွက်မှုအချို့ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်ပါတယ်။ သမ္မတရွေးကောက်ပွဲ နောက်ဆုံးအတည်ပြုရလဒ်ကို မဲပေးရွေးချယ်ခွင့်ရ ကိုယ်စားလှယ်အဖွဲ့ Electoral College က အစည်းအဝေးပြုလုပ်မယ့် ဒီဇင်ဘာ ၁၄ ရက်နေ့မှသာ ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။
လက်ရှိသမ္မတထရန့်က ရွေးကောက်ပွဲ ရှုံးနိမ့်ကြောင်း ဝန်မခံသေးခြင်းဟာ ပွင့်ပွင့်လင်းလင်း ပြောရလျှင် ရှက်စရာဖြစ်ကြောင်း၊ ထိုကိစ္စက အာဏာလွှဲပြောင်းရေးမှာ အကူအညီမဖြစ်ကြောင်းနဲ့ အစီအစဥ်အတိုင်း နောက်ဆုံးမှာ ဇန်နဝါရီ ၂၀ ရက် သမ္မတသစ်ကျမ်းသစ္စာကျိန်ဆိုပွဲကို ရောက်ရှိလာမယ်လို့ ဂျိုးဘိုင်ဒန်က ဆိုပါတယ်။ ထရန့်ကတော့ ရွေးကောက်ပွဲရှုံးနိမ့်ကြောင်း ဝန်မခံသေးဘဲ ရှေ့နေချုပ် William Barr က တရားရေးဌာနအနေနဲ့ ရွေးကောက်ပွဲမသမာမှု စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးရန် လုပ်ပိုင်ခွင့်ပြုထားပါတယ်။
(Photo: Chandan Khanna/AFP/Getty Images)
ထရန့်က အကြိမ်ကြိမ် ပြောဆိုနေခဲ့သလို ရွေးကောက်ပွဲမှာ မဲမသမာမှုရှိခဲ့တဲ့ သက်သေအထောက်အထား အနည်းငယ်မျှသာရှိပေမဲ့လည်း ရှေ့နေချုပ် William Barr က စုစမ်းစစ်ဆေးရန် ညွှန်ကြားခဲ့တာဖြစ်ပါတယ်။ ထရန့်က ပင်တဂွန်စစ်ဌာနချုပ် အကြီးအကဲ ကာကွယ်ရေးဝန်ကြီး Mark Esper ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီး အစိုးရတာဝန်ရှိသူတွေကိုလည်း ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်ရဲ့အဖွဲ့နဲ့ ပူးပေါင်းဆောင်ခြင်းမပြုရန် တားမြစ်ပိတ်ပင်ထားကြောင်း သိရပါတယ်။
အမေရိကန်ရွေးကောက်ပွဲအကြောင်း ဘာတွေသိထားသင့်လဲ?
ထရန့်နဲ့သစ္စာခံ နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်မ်ပီအိုတို့ကတော့ ဥပဒေကြောင်းအရ အရေးဆိုမှုလုပ်ဆောင်ပြီး ထရန့်အစိုးရ ဒုတိယသက်တမ်းကို စတင်သွားမယ်လို့ပင် ပြောခဲ့ပါတယ်။ အမေရိကန်မှာ ရွေးကောက်ပွဲအပြီး အာဏာလွှဲပြောင်းရေး လုပ်ငန်းစဥ်ကလည်း ရွေးကောက်ပွဲကဲ့သို့ပင် ဆက်လက် စောင့်ကြည့်ရမယ့်သဘော ဖြစ်ပါတယ်။