ဒီကနေ့ကျင်းပပြုလုပ်နေတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံဖြိုးရေးပါတီရဲ့၂၀၂၀အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC) နဲ့ တပ်မတော်တို့ပူးပေါင်းပြီး ရွေးကောက်ပွဲကို ပြန်လည်ကျင်းပပေးရန်တောင်းဆိုလိုက်ပါတယ်။
တရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်လို့နိုဝင်ဘာ(၈)ရက်ရွေးကောက်ပွဲကို အသိအမှတ်မပြုကြောင်းနဲ့ မတရားနည်းနဲ့မဲဆွယ်မှုတွေ၊ ဘက်လိုက်မှုတွေကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ တပ်မတော်နဲ့ပူးပေါင်းပြီးစည်းကမ်းကျနတဲ့ရွေးကောက်ပွဲတစ်ရပ်ကိုပြန်လည်ကျင်းပပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ကတောင်းဆိုလိုက်တာပါ။ ပြည်ခိုင်ဖြိုးပါတီအနေနဲ့ လက်ရှိကျင်းပနေတဲ့သတင်းစာရှင်းလင်းပွဲမှာဖော်ထုတ်တင်ပြချက်တွေဟာ တစ်နိုင်ငံလုံးမှာဖြစ်ပွားနေတာရဲ့၁၀၀ပုံတစ်ပုံသာရှိသေးတယ်လို့လည်းဆိုပါတယ်။
ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ၂၀၂၀ရွေးကောက်ပွဲမှာ မြန်မာတစ်နိုင်ငံလုံးရဲ့မဲဆန္ဒနယ်အတော်များများမှာရှုံးနိမ့်ခဲ့သလို ၂၀၁၅မှာအနိုင်ရခဲ့တဲ့ နယ်မြေအတော်များများမှာလည်း ပြန်လည်ရှုံးနိမ့်ခဲ့ပါတယ်။ ရွေးကောက်ပွဲရလဒ်တွေဟာ တရားမျှတမှုမရှိတဲ့အတွက် ဥပဒေဘောင်အတွင်းကနေဆက်လက်လုပ်ဆောင်မယ်လို့လည်း ပြည်ခိုင်ဖြိုးပါတီဥက္ကဌကဆိုထားပါတယ်။ ဒီကနေ့ကျင်းပတဲ့သတင်းစာရှင်းလင်းပွဲမှာ မဲရုံတွေမှာဆရာ/ဆရာမတွေမလုံလောက်လို့ NLDကလေ့ကျင့်ပေးထားတဲ့ ဗော်လန်တီယာလူငယ်တွေကိုတာဝန်ပေးခြင်း၊ ကြိုတင်မဲပေးနိုင်တဲ့ရက်ကို နိုဝင်ဘာ၇ရက်နေ့အထိပေးခွင့်ပြုခြင်း၊ ပြည်သူတွေရဲ့ကျန်းမာရေးကို ဂရုမစိုက်ဘဲ ကိုဗစ်ကာလအတွင်းရွေးကောက်ပွဲကျင်းပခြင်းအစရှိတဲ့အချက်အလက်တွေကိုလည်း စွပ်စွဲပြောဆိုခဲ့တာတွေ ရှိပါတယ်။