• Featured

    အမရပူရမြို့နယ်မှာ မဲရုံတာဝန်ကျဆရာမတစ်ဦး ကိုဗစ်ပိုးတွေ့၊ ပျံ့နှံ့နေတဲ့ သတင်းအချက်အလက်အချို့ မှားယွင်းနေ

ကွာရန်တင်းဝင်ထားတဲ့ ပညာရေးဝန်ထမ်း ၁၃ ဦးစလုံးကို Swab ယူစစ်ဆေးခဲ့တာမှာ အားလုံး Negative အဖြေထွက်ထားပြီး ဖြစ်ပါတယ်။

 ရွေးကောက်ပွဲနေ့က အမရပူရမြို့နယ်ထဲကမဲရုံတစ်ရုံမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ ရတနာပုံတက္ကသိုလ်ကဆရာမတစ်ဦးဟာ နောက် တစ်ရက်ညမှာတော့ အနံ့မရလို့မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးဆီတက်ရောက်စစ်ဆေးတဲ့အခါမှာ ကိုဗစ်ပေါ့စတစ်ထွက်ခဲ့လို့ ၎င်းနဲ့ထိတွေ့မှုရှိခဲ့သူတွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက Quarantine Center တွေဆီပို့ဆောင်ထားကြောင်း၊ ထိတွေ့မှုရှိခဲ့သူတွေထဲမှာ ပညာရေးဝန်ထမ်းတွေလည်းပါဝင်လို့ အဲဒီပညာရေး ဝန်ထမ်းတွေကိုတော့ ရတနာပုံတက္ကသိုလ်ထဲကအဆောင်တစ်ခုမှာပဲ သီးသန့်စောင့်ကြည့်ကျန်းမာရေးစောင့်ရှောက်မှုပေးခဲ့ကြောင်း၊ ဒါနဲ့ပတ်သက်လို့ အွန်လိုင်းမီဒီယာတွေပေါ်မှာပျံ့နှံ့သတင်းတွေမှာတော့ ရတနာပုံတက္ကသိုလ်ထဲမှာ Quarantine Center ဖွင့်ထားကြောင်းတွေအထိပါဝင်ခဲ့တယ်လို့ သိရပါတယ်။

image

ရွေးကောက်ပွဲနေ့က အမရပူရမြို့နယ်မှာမဲရုံမှူးအဖြစ်တာဝန်ယူခဲ့တဲ့ရတနာပုံတက္ကသိုလ်ပါမောက္ခဆရာမတစ်ဦး ကိုဗစ်ရောဂါကူးစက်ခံရ ဆိုတဲ့သတင်းတွေက တကယ်တော့ မတိမကျနဲ့ရေးသားဖော်ပြကြတဲ့သတင်းတွေသာဖြစ်တယ်လို့ ရတနာပုံတက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာအောင်အောင်မင်းက Duwun ကိုပြောပါ တယ်။ "ပိုးကူးစက်ခံရတဲ့ဆရာမက သတင်းတွေမှာထွက်ပေါ်နေသလို မဲရုံမှူးမဟုတ်ပါဘူး၊ လိုင်းပေါ်မှာ ရတနာပုံတက္ကသိုလ်ကပေါ့စတစ်ထွက်တယ်၊ ပါမောက္ခတွေရော မဲရုံမှူးတွေရောဘာတွေရောဆိုတဲ့သတင်းတွေက မမှန်ဘူးမတိကျဘူးဖြစ်နေပါတယ်" လို့ ဒေါက်တာအောင်အောင်မင်းကပြောပါတယ်။



ယမန်နေ့ကထွက်ပေါ်ခဲ့တဲ့ဆိုရှယ်အွန်လိုင်းမီဒီယာတချို့ရဲ့သတင်းတွေထဲမှာ ရွေးကောက်ပွဲနေ့က အမရပူရမြို့နယ်မှာမဲရုံမှူးအဖြစ်တာဝန်ယူခဲ့တဲ့ ရတနာပုံတက္ကသိုလ်ပါမောက္ခဆရာမတစ်ဦး ကိုဗစ်ရောဂါကူးစက်ခံရ ဆိုတဲ့သတင်းတစ်ပုဒ်လည်းပါဝင်ခဲ့ပြီး သတင်းထဲမှာရေးသားဖော်ပြထားတဲ့အချက်အလက်တွေဟာ မှန်ကန်တိကျမှုမရှိဘူးလို့ ၎င်းကပြောတာပါ။

"လိုင်းပေါ်မှာတက်နေတာတွေက ပါမောက္ခတွေရောမဲရုံမှူးတွေရော၊ (တကယ်က)မဟုတ်ပါဘူးခင်ဗျ၊ အဲဒီလိုသတင်းတွေကမဟုတ်ပါဘူး၊ ပါမောက္ခလည်းမဟုတ်ပါဘူး၊ မဲရုံမှူးလည်းမဟုတ်ပါဘူး၊ ရတနာပုံတက္ကသိုလ်ကနေ(မဲရုံ)တာဝန်ထမ်းဆောင်တဲ့သူတွေဟာ မဲရုံအဖွဲ့ဝင်အနေနဲ့ပဲထွက်ကြတာပါ၊ မဲစာရင်းစစ်တဲ့သူတို့ ဆန္ဒမဲကတ်ပြား ထုတ်ပေးတဲ့သူတို့ အဲဒီလိုတာဝန်တွေပဲလုပ်တာပါ မဲရုံမှူးတာဝန်တစ်ယောက်မှမပါပါဘူး" လို့လည်း ပါမောက္ခချုပ်ဒေါက်တာအောင်အောင်မင်းကပြောပါတယ်။

"ဆရာမကပေါ့စတစ်ထွက်တဲ့အခါကျတော့ ဆရာမနဲ့အတူမဲရုံမှာတာဝန်ထမ်းဆောင်ခဲ့တဲ့သူ တွေထဲက ကျွန်တော်တို့ပညာရေးဝန်ထမ်းပေါ့၊ အားလုံးပေါင်း အဆင့်မြင့်က ၇ ယောက်၊ အခြေခံပညာက ၆ ယောက် ၁၃ ယောက်ပေါ့၊ အဲဒီ ၁၃ ယောက် က အဲဒီဆရာမနဲ့ထိစပ်ခဲ့တဲ့မဲရုံမှာအတူတူလုပ်ခဲ့တဲ့အတွက်ကြောင့်မို့လို့ အဲဒီ ၁၃ ယောက်ကို ကျွန်တော်တို့ရတနာပုံတက္ကသိုလ်ထဲမှာပဲ မနေ့ကပဲ ကွာရန်တင်းထည့်လိုက်တယ်၊ ဆရာမက မဲရုံတာဝန်ထမ်းဆောင်လို့ ကိုဗစ်နိုင်တင်းပေါ့စတစ်ထွက်တာမဟုတ်ပါဘူးခင်ဗျ။ ဆရာမက မန္တလေးမှာနေပြီးတော့ မန္တလေးကနေတိုက်ရိုက် သူတာဝန်ကျတဲ့မဲရုံကိုသွားတယ်၊ အဲဒီကနေပဲ တိုက်ရိုက်သူ့အိမ်ကိုသူပြန်သွားတယ်၊ မန္တလေးဘက်မှာဖြစ်တာပါ၊ မဲရုံမှာဖြစ်တာလည်းမဟုတ်ပါဘူး မဲရုံမှာကူးလာ တာလည်းမဟုတ်ပါဘူး" လို့ ပါမောက္ခချုပ် ဒေါက်တာအောင်အောင်မင်းကပြောပါတယ်။

လက်ရှိမှာတော့ ကွာရန်တင်းဝင်ထားတဲ့ပညာရေးဝန်ထမ်း ၁၃ ဦးစလုံးကို Swab ယူစစ်ဆေးခဲ့တာမှာ အားလုံး Negative အဖြေထွက်ထားပြီးဖြစ်တယ်လို့သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က