ပြီးခဲ့တဲ့ စက်တင်ဘာလက စပြီး အိန္ဒိယနိုင်ငံအတွင်း ပိတ်ပင်ခံလိုက်ရတဲ့ PUBG Mobile ဟာ ဒီဈေးကွက်ကို တစ်ကျော့ပြန် ဝင်ရောက်ဖို့ ပြင်နေပါတယ်။
PUBG Mobile ဟာ အိန္ဒိယရဲ့ ဒေါင်းလုပ်ဆွဲမှုအမြင့်ဆုံး ဂိမ်းတစ်ခု ဖြစ်ပြီး ၁၇၅ သန်းခန့် ရှိထားတာပါ။ တရုတ်နဲ့ အိန္ဒိယနယ်စပ်အရေး တင်းမာမှုတွေ ဖြစ်ပြီးနောက် အိန္ဒိယအီလက်ထရွန်းနစ် နဲ့ အိုင်တီဌာနမှ PUBG Mobile အပါအဝင် app ပေါင်း ၁၁၈ ခု ပိတ်ခဲ့တာ ဖြစ်ပါတယ်။ နိုင်ငံအတွင်း PUBG Mobile ကို တရားဝင် ပိတ်ပင်မှု မလုပ်ခင်ကတည်းက အိန္ဒိယလူ့အဖွဲ့အစည်းအကြား ဂိမ်းစွဲလမ်းမှုကို စိုးရိမ်မှု ရှိနေခဲ့ပါတယ်။

Photo: sportskeeda
PUBG Corporation အနေနဲ့ အိန္ဒိယဈေးကွက်ထဲ ပြန်ဝင်ဖို့ အစီအစဉ်သစ်အရ PUBG Mobile India နာမည်နဲ့ ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။ ဗားရှင်းသစ်မှာ In-Game Content ပြောင်းထားသလို ဒေသတွင်းဂိမ်း users တွေရဲ့ အကြိုက်ကို ထင်ဟပ်စေမယ့် Customization လုပ်ဆောင်မှုတွေ ပါဝင်မယ်လို့ GSMArena သတင်းက ဖော်ပြထားပါတယ်။
အရေးကြီးတဲ့ အချက်တစ်ချက်အနေနဲ့ PUBG Mobile India ဟာ ဒေသတွင်း စည်းမျဉ်းဥပဒေတွေနဲ့အညီ သုံးစွဲသူအချက်အလက်တွေကို ပိုပြီး ပွင့်လင်းမြင်သာမှုရှိရှိ ကိုင်တွယ်ဖို့ ဦးတည်လာတာ ဖြစ်ပါတယ်။ PUBG Corporation ဟာ မကြာသေးခင်ကပဲ Tencent ဆီက အိန္ဒိယနိုင်ငံအတွင်း ထုတ်ဝေခွင့်ဆိုင်ရာ မူပိုင်ခွင့်များ ဝယ်ထားတာပါ။
Photo: trak
PUBG Mobile India ဟာ အိန္ဒိယဈေးကွက်အတွက် အထူးဒီဇိုင်းထုတ်ထားတဲ့ ဂိမ်းဖြစ်ပြီး အချက်အလက်လုံခြုံရေးအတွက် ပုံမှန်စာရင်းစစ်ဆေးမှုတွေနဲ့ ဒေတာသိမ်းဆည်းမှုစနစ်များ စစ်ဆေးမှုတွေလည်း ပုံမှန်လုပ်ဆောင်သွားမယ်လို့ ဆိုပါတယ်။ PUBG Corporation ရဲ့ မိခင်ကုမ္ပဏီ KRAFTON Inc ဟာ အိန္ဒိယဈေးကွက်အတွင်း ဒေါ်လာသန်း ၁၀၀ (ရူပီး ၇၄၆ ကုဋေ) ရင်းနှီးမြှပ်နှံသွားဖို့လည်း စီစဉ်ထားပါတယ်။
ကုမ္ပဏီအနေနဲ့ ဂိမ်းဝန်ဆောင်မှုတွေ ပေးဖို့ အိန္ဒိယမှ ဝန်ထမ်း ၁၀၀ ခန့်အပ်ဖို့လည်း ပြင်နေပါတယ်။ နောက်ပိုင်းမှာ အိန္ဒိယနိုင်ငံအတွင်း e-Sports ဂိမ်းပြိုင်ပွဲတွေနဲ့ ဖျော်ဖြေရေးဆိုင်ရာ အစီအစဉ်တွေလည်း လုပ်ဆောင်သွားဖို့ ရှိပါတယ်။ PUBG Mobile India ဂိမ်းကို ဖြန့်ချိမယ့်ရက်တော့ အတိအကျ မသိရသေးပါဘူး။