• Featured

    ပေါင်မုန့်စက်ရုံမှ ကလေးမိဘတွေ တည်းခိုနေတဲ့အိမ်ရှင်ကို ရဲများက ရိုက်နှက်စစ်ဆေးခဲ့ဟုဆို၊ ရဲစခန်းဘက်က ငြင်းဆို

သာကေတ အမှတ်(၂)ရဲစခန်းမှာ စစ်ဆေးတယ်ဆိုပေမယ့်လည်း သက်ဆိုင်ရာရဲစခန်းက သူတို့နဲ့ သက်ဆိုင်ခြင်းမရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ဒဂုံဆိပ်ကမ်းမြို့နယ် ၊ (၈၇)ရပ်ကွက်မှာဖြစ်ပွားခဲ့တဲ့ လိုတရ- ရွှေစံလှ ပေါက်စီနဲ့ပေါင်မုန့်လုပ်ငန်းဖြစ်စဉ်က ကလေးမိဘတွေ တည်းခိုနေထိုင်ရာ အိမ်ရှင်ကို သာကေတမြို့နယ် အမှတ်(၂)ရဲစခန်းမှာ ခေါ်ယူစစ်ဆေးချိန် တာဝန်ကျရဲတွေက ကိုယ်ထိလက်ရောက်ရိုက်နှက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

ကလေးမိဘတွေ တည်းခိုနေထိုင်တဲ့ အိမ်ရှင် ကိုချစ်ဆိုသူကို နိုဝင်ဘာလ (၂၃)ရက် ညနေပိုင်းက ရပ်ကွက်ရုံးမှာမေးမြန်းချင်တာရှိလို့ဆိုပြီး  လာရောက်ခေါ်ဆောင်ရာကနေ သာကေတမြို့နယ် အမှတ်(၂)ရဲစခန်းကို ခေါ်ဆောင်သွားတာဖြစ်ပြီး ည(၁၂)နာရီခွဲအချိန်မှာ ပြန်လွှတ်ခဲ့တယ်လို့ သိရပါတယ်။

"ကလေးမိဘတွေကို နယ်က လှမ်းခေါ်ထားတာရှိတော့ တည်းခိုဖို့ ကိုချစ်ပေါ့နော် ။ သူက အခင်းဖြစ်တဲ့အိမ်နဲ့ နောက်ကျောဘက်လမ်းမှာနေတာ သူ့ကို အကူအညီတောင်းပြီး အဲဒီမှာ ကလေးမိဘတွေထားထားတာ ။ မနေ့ညနေက ရပ်ကွက်ရုံးမှာမေးစရာရှိလို့ဆိုပြီး လာရောက်ခေါ်ဆောင်သွားတယ်။ပြီးတော့ သူ့ကို ရပ်ကွက်ရုံးမခေါ်ဘဲ သာကေတအမှတ်(၂)ရဲစခန်းကို ခေါ်သွားတယ်။ မခေါ်ခင် လမ်းမှာ ကားအချိန်းအပြောင်းလုပ်ကြတယ်ပြောတယ်။ပြီးတော့ စခန်းမှာ အဓိကရုဏ်းဖြစ်တဲ့ညက ခင်ဗျားပါလား ။ ကားတွေကို ခဲနဲ့ထုတဲ့သူတွေ ၊ ရဲတွေကို ခဲနဲ့ထုတဲ့သူတွေကို သိရမယ် ၊ ကလေးမိဘတွေကိုလည်း လက်ခံထားတာမို့ တစ်ခုခုတော့ သိကိုသိရမယ်ဆိုပြီး မေးတယ်။ သူက မသိပါဘူးဆိုတဲ့အခါ နှိပ်စက်တာပါ။ နှိပ်စက်ပြီးတဲ့ နောက်လည်း စစ်ဆေးမေးမြန်းတာ အများကြီးလို့ ပြောပါတယ်။ည(၁၂)ခွဲလောက်ကျ ပြန်ပြီးပို့တယ် " လို့ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိကောင်စီဝင် ၊ ပြည်ထောင်စုအဆင့် အလုပ်သမားကိုယ်စားလှယ် ဦးရဲကျော်သူက Duwun ကို ပြောပါတယ်။

ဓာတ်ပုံ-ရဲကျော်သူ facebook (ကိုယ်ထိလက်ရောက်စစ်ဆေးမှုကြောင့် ဒဏ်ရာရရှိထားတဲ့ ကိုချစ်)

ဒီလို ကိုယ်ထိလက်ရောက်မေးမြန်းစစ်ဆေးမှုကြောင့် အိမ်ရှင်ကိုချစ် အတွင်းဒဏ်ရာတွေရရှိတဲ့အတွက် နိုဝင်ဘာလ (၂၄)ရက် ၊ ဒီနေ့ နေ့လည်ပိုင်းမှာ ဒဂုံဆိပ်ကမ်းမြို့နယ်ဆေးရုံမှာ ပြသပြီး ဆေးရုံရဲ့ ဆေးစာနဲ့ ကိုယ်ထိလက်ရောက်ရိုက်နှက်မေးမြန်းခဲ့တဲ့ တာဝန်ကျရဲတွေကို ဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဦးရဲကျော်သူက Duwun ကို ပြောပါတယ်။

ဒါ့အပြင် ဒီနေ့ ထပ်မံပြီး စစ်ဆေးမေးမြန်းချင်တာကြောင့် ကိုချစ်ကို လာရောက်ခေါ်ဆောင်ဦးမယ်လို့ သိရတဲ့အတွက် လုံခြုံရေးအရ စိုးရိမ်မှုရှိတာကြောင့် ရပ်ကွက်နေပြည်သူတွေနဲ့အတူ ကိုချစ်အတွက် စောင့်ကြည့်မှုတွေ ပြုလုပ်ထားတယ်လို့ အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေး ခုံသမာဓိကောင်စီဝင် ၊ ပြည်ထောင်စုအဆင့် အလုပ်သမားကိုယ်စားလှယ် ဦးရဲကျော်သူက Duwun ကို ပြောပါတယ်။

ဓာတ်ပုံ-ရဲကျော်သူ facebook (ကိုယ်ထိလက်ရောက်စစ်ဆေးမှုကြောင့် ဒဏ်ရာရရှိထားတဲ့ ကိုချစ်)

" အဲဒါက ကျွန်တော်တို့နဲ့ မဆိုင်ဘူး။ကျွန်တော်တို့ စခန်းမှာလာစစ်တယ်ဆိုတာက ပတ်ဝန်းကျင်သက်သေတွေ စစ်တယ် ။ အခင်းဖြစ်တဲ့နေရာရဲ့ ပတ်ဝန်းကျင်သက်သေတွေစစ်တယ။ ပြီးတော့ တိုင်းက လာစစ်တာ ။ သူတို့ကိုခေါပြီးတိုင်းကလာစစ်တာ။ ကျွန်တော်နဲ့လည်း မဆိုင်ဘူး ။ ကျွန်တော်တို့လည်း စစ်တာမဟုတ်ဘူး ။ဟိုတရားခံတွေဘာတွေ ဖမ်းပြီးလာစစ်တာ လည်းမဟုတ်ဘူး ။ ကျွန်တော်တို့စစ်တာလည်း မဟုတ်ဘူး ။ ဖြစ်တာကလည်း ဒဂုံဆိပ်ကမ်းလေ ဒဂုံဆိပ်ကမ်းစခန်းနဲ့ပဲ သက်ဆိုင်ပါတယ် " လို့ သာကေတမြို့နယ် အမှတ်(၂)ရဲစခန်းက စခန်းမှူး ရဲအုပ်ချစ်ထွန်းက Duwun ကို ပြောပါတယ်။

ဓာတ်ပုံ-ကျော်ဇင်မန်း ( လိုတရ- စံရွှေလှလုပ်ငန်းအနီး လုံခြုံရေးဆောင်ရွက်နေသည့် တာဝန်ကျရဲများ)

ဒဂုံဆိပ်ကမ်းမြို့နယ် ၊ (၈၇)ရပ်ကွက် ၊ ကျန်စစ်သားလမ်းပေါ်က လိုတရ- ရွှေစံလှ ပေါက်စီနဲ့ပေါင်မုန့်လုပ်ငန်းမှာ ကလေးတွေကို ညှင်းပန်းနှိပ်စက်ဆိုတဲ့သတင်းကြောင့် နိုဝင်ဘာလ (၂၀)ရက် ညပိုင်းက လူစုလူဝေးနဲ့ အဓိကရုဏ်းအသွင်ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့ ရာဘာကျည်သုံးလူစုခွဲခဲ့သလို ရဲတပ်ဖွဲ့ဝင်အချို့လည်း ဒဏ်ရာရရှိခဲ့ပါတယ်။

Share

Loading Next Article...
က္က