ကိုဗစ်ကာလမှာလူ ၃၀ထက်ပိုပြီး စုဝေးခြင်းလုပ်ခဲ့ဟုဆိုကာ ဆိပ်ကြီးခနောင်တို မြို့နယ်အုပ်ချုပ်ရေးမှူးကို အရေးယူပေးဖို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးသန်းဆွေက ဆိပ်ကြီးခနောင်တိုရဲစခန်းမှာ တိုင်ကြားထားပါတယ်။
ဆိပ်ကြီးခနောင်တို မြို့နယ်က ကြက်ခြေနီသူနာပြုတပ်ဖွဲ့ကို လူနာတင်ယာဉ် လှူဒါန်းပေးအပ်တဲ့အခမ်းအနားပွဲကျင်းပမှုကို ဆိပ်ကြီးခနောင်တို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်သိန်းက ဦးဆောင်ပြီး လူ ၃၀ထက်ကျော်လွန်ကာပြုလုပ်ခဲ့တာကြောင့် အရေးယူပေးဖို့ တိုင်ကြားတာဖြစ်တယ်လို့ သိရပါတယ်။
"ကျွန်တော့် မြို့နယ်မှာကိုဗစ်ဖြစ်တာ Positive က ၃၁၀ ရှိသွားပြီ။ သေတာက ၁၀ ဦးရှိသွားပြီ။ ရောဂါပိုးပျံ့နှံ့မှာစိုးတယ်။မြို့နယ်အုပ်ချုပ်ရေးမှူးဆိုတာက မြို့နယ်ကိုဗစ်ကော်မတီမှာက ဥက္ကဋ္ဌလေ၊ သိသိကြီးနဲ့ဒီအလုပ်လုပ်လို့အမှုဖွင့်တာပါ။ကျွန်တော် အမှုမဖွင့်ခင်လေး ကြက်ခြေနီအဖွဲ့မှာပါတဲ့တစ်ယောက်က အသက်ရှူကျပ်ပြီးဆေးရုံတင်ရတယ်။ ကိုဗစ်နဲ့ပတ်သက်ပြိး Swab ယူနေတယ် သူ့မှာပိုးတွေ့ရင်တော့ တော်တော်စိုးရိမ်ရမယ့်အခြေအနေရှိသွားပြီ။"လို့ ဦးသန်းဆွေက ပြောပါတယ်။
ဆိပ်ကြီးခနောင်တို မြို့နယ်ရဲစခန်းမှာ ဓာတ်ပုံမှတ်တမ်းနဲ့တကွ နိုဝင်ဘာလ ၂၂ ရက်နေ့ကတည်းက တိုင်ကြားခဲ့ပေမယ့်အရေးယူဆောင်ရွက်ခြင်းမရှိသေးဘူးလို့လည်းပြောပါတယ်။ "ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ၁၅၄ မှာ နှုတ်ဖြင့် ဖြစ်စေ၊ကြေးနန်းဖြင့်ဖြစ်စေ၊စာဖြင့်ဖြစ်စေ၊ဖုန်းဖြင့်ဖြစ်စေ အမှုဖွင့်ရင်ချက်ချင်း အရေးယူဆောင်ရွက်ရမယ်လို့ ဥပဒေကပြဌန်းထားတယ်၊ ဒါပေမယ့်လည်း ဌာနဆိုင်ရာ ဝန်ထမ်းတွေကို အမှုဖွင့်တဲအခါဘာပြသနာရှိလဲဆိုတော့ တရားစွဲခွင့် အမိန့်တောင်းရတယ်။ အဲ့လိုမရသေးလို့လား ဘယ်အချက်ကြောင့်လဲမသိဘူး ခုချိန်ထိတော့ ပင်နံပါတ်မရသေးဘူး။"လို့ ဦးသန်းဆွေက ထပ်မံပြောပြပါတယ်။
ဆိပ်ကြီးခနောင်တိုမြို့နယ် အုပ်ချုပ်ရေးမှူးဦးဇော်သိန်းဟာ နိုင်ငံတော်ရဲ့ ကိုဗစ် - ၁၉ ကမ္ဘာ့ကပ်ရောဂါနှင့်ပတ်သက်ပြီး ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက်တွေကို ဆန့်ကျင်ကာ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း ဘေးအန္တရာယ်တစ်စုံတစ်ရာကျရောက်နိုင်သည်ကို သိလျက်နဲ့ တမင်လုပ်ဆောင်ခဲ့တာကြောင့် အမှုဖွင့် အရေးယူဆောင်ရွက်ပေးဖို့ တိုင်ကြားခြင်းဖြစ်တယ်လို့လည်း တိုင်ကြားစာမှာရေးသားထားပါတယ်။ ဒီကိစ္စ နဲ့ပတ်သက်ပြီး ဆိပ်ကြီးခနောင်တိုမြို့နယ်အုပ်ချုပ်ရေးမှူးကို ဖုန်းဖြင့်ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် ဆက်သွယ် မှုမရရှိခဲ့ပါဘူး။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။