• ငယ်သူငယ်ချင်းတွေနဲ့အတူ သီချင်းတွေပြန်ဆိုရတော့မှာမို့ ဝမ်းသာနေတဲ့ ထွန်းထွန်း

ဂီတသက်တမ်း နှစ်(၂၀) ပြည့်အမှတ်တရ ဖျော်ဖြေပွဲ လုပ်သွားမှာပါ။

ဒီဇင်ဘာလ (၄) ရက်နေ့မှာ ပြုလုပ်သွားမယ့် Examplez အဖွဲ့ရဲ့ ဂီတသက်တမ်း နှစ်(၂၀) ပြည့် ဖျော်ဖြေပွဲ ပြင်ဆင်နေမှုတွေကို ထွန်းထွန်းက ပြောပြလာပါတယ်။ 

image

Examplez အဖွဲ့ရဲ့ ဂီတသက်တမ်း နှစ် (၂၀) ပြည့်အမှတ်တရ ဖျော်ဖြေပွဲကို ဒီဇင်ဘာ(၄) ရက်နေ့ ဆိုရင် အွန်လိုင်းကနေတဆင့်၊ Free To Air Channel ကနေတဆင့် ကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ်။ ဒီဖျော်ဖြေပွဲဟာ Examplez အဖွဲ့ရဲ့ အိပ်မက် တစ်ခုလိုလည်း ထွန်းထွန်းက ဆိုပါတယ်။

“ ကျွန်တော်ကတော့ ဒီဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး တကယ်ပျော်ရပါတယ်။ ကျွန်တော်တို့ ရည်မှန်းချက်ထဲမှာ ပါတဲ့ဟာ တစ်ခုကို အခု လုပ်ခွင့်ရတော့မယ်။ အဲဒီအတွက်လည်း အရမ်းဝမ်းသာရတယ်၊ Examplez အဖွဲ့ရဲ့လှုပ်ရှားမှုတွေက မရှိတာ တော်တော်လေးကို ကြာနေပါပြီ။ ၂၀၁၆၊ ၂၀၁၇ လောက်တုန်းကတော့ back to millennium concert ပွဲမှာ နောက်ဆုံး ဖျော်ဖြေခဲ့တာပါ။ အခု ဖျော်ဖြေပွဲ ပြန်လုပ်ခွင့်ရမယ်ဆိုတော့ အရမ်းပျော်ပါတယ်။အခုလို အခြေအနေမျိုးမှာ ကျွန်တော်တို့ ရည်မှန်းချက်ထဲက အရာတစ်ခုကို အကောင်အထည် ဖော်ရတာ ဆိုတော့ တစ်ကမ္ဘာလုံးရင်ဆိုင်နေရတဲ့ အခက်အခဲကြားမှာ အကောင်းဆုံးဖြစ်အောင်တော့ ပြင်ဆင်ထားပါတယ်” လို့ Duwun ကို ပြောပါတယ်။ 

Photo: Tun Tun

ဒီဖျော်ဖြေပွဲမှာ တစ်ချိန်က ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ သီချင်းတွေကို ထည့်သွင်း သီဆိုသွားမယ်လို့ ထွန်းထွန်းက ပြောပါတယ်။ ပရိသတ်နဲ့ အတူတူ ပျော်ခွင့်မရတဲ့ ဖျော်ဖြေပွဲနဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံစားချက်ကိုလည်း အခုလို ပြောပြခဲ့ပြန်ပါသေးတယ်။ 

“ ကျွန်တော်တို့ Examplez အဖွဲ့ အနေနဲ့ ဖြတ်သန်းခဲ့တဲ့ အခွေတွေ၊ နှစ်တွေ Live Show အခွေတွေထဲက သီချင်းတွေကိုပဲ ဖျော်ဖြေတင်ဆက်မှာဆိုတော့ အချိန်ကလည်း ၁ နာရီခွဲ ၂ နာရီလောက်အထိပဲ ဆိုတော့ ဖျော်ဖြေပေးမယ့် သီချင်းတွေကို လိုတိုး ပိုလျှော့လေးတွေ လုပ်နေပါတယ်။ တကယ်လို့ ကိုဗစ်မဖြစ်ပဲ ကျွန်တော်တို့ ပွဲလုပ်ရင် ပရိသတ်တွေ အယောက် (၅၀) ပဲ လာလာ၊ (၁၀၀) ပဲလာလာ၊ ဘယ်လောက်ပဲ လာလာ ကျေနပ်တယ်။ လာတဲ့ ပရိသတ်တွေနဲ့ တွေ့လည်း တွေ့ချင်တယ်၊ သီချင်းတွေလည်း ဆိုပြချင်တယ်။ ပြီးတော့ ငယ်သူငယ်ချင်းတွေ နဲ့ အတူတူ သီချင်းပြန်ဆိုခွင့်ရတယ်၊ ကျွန်တော်တို့နဲ့ အတူတူ အသက်ကြီးလာတဲ့ ပရိသတ်တွေကို ဖျော်ဖြေခွင့်ရတဲ့အပေါ်မှာလည်း အရမ်းပျော်တယ်” လို့ ဆိုပါတယ်။ 

Photo: Tun Tun

ထွန်းထွန်းကိုတော့ Examplez ဆိုတဲ့ Rapper အဆိုတော်အဖွဲ့ကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့တာဖြစ်ပါတယ်။ အဲဒီကနေကြိုးစားလာရင်း အခုဆိုရင် အုတ်ကြားမြက်ပေါက် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသား ဇာတ်ဆောင် အကယ်ဒမီဆုရ သရုပ်ဆောင် အဆိုတော် တစ်ယောက်ဖြစ်လို့နေပါပြီ။ လက်ရှိမှာတော့ သူဟာ ဂီတအလုပ်တွေထက် သရုပ်ဆောင်အလုပ်ကို ပိုပြီးတော့ အာရုံစိုက်နေတာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Duwun on Youtube
>
Loading Next Article...
က္က