ပုဂံဒေသရှိ ဘုရားစေတီပုထိုးများနဲ့ စားသောက်ဆိုင်များကို ကိုဗစ်စည်းကမ်းချက်တွေအညီ ပြန်လည်ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေတယ်လို့ သိရပါတယ်။
လက်ရှိမှာ စီမံချက်ရေးဆွဲဆောင်ရွက်နေဆဲဖြစ်ပြီး ပြန်လည်ဖွင့်လှစ်ခွင့်ရရှိပါက အချိန်နှစ်ပတ်ခန့်ယူကာ ကြိုတင်ပြင်ဆင်မှုတွေလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းက Duwun ကိုပြောပါတယ်။
“ဘုရားတွေရော ၊ စားသောက်ဆိုင်တွေရော ဖွင့်လှစ်နိုင်အောင် စီစဉ်နေတာပါ။ စီမံချက်ရေးဆွဲထားတုန်း။ပြီးတာနဲ့ တိုင်းအစိုးရအဖွဲ့ထံတင်ပြသွားမှာပေါ့။တိုင်းအစိုးရက ခွင့်ပြုတယ်ဆိုတာနဲ့ ဘုရားတွေမှာကော စားသောက်ဆိုင်တွေမှာကော ဟိုတယ်တွေကအစ ကိုဗစ်စည်းကမ်းတွေနဲ့အညီ လုပ်ဆောင်နိုင်ဖို့အတွက် အချိန် နှစ်ပတ်ခန့်လောက်တော့ ယူပြီးလုပ်ဆောင်ဖို့တော့လိုမယ်၊စစ်ဆေးမှုတွေလည်းလုပ်ဆောင်သွားမှာပါ”လို့ဦးကျော်ကျော်အုန်းက ပြောပါတယ်။
လက်ရှိမှာတေ့ စီမံချက်ရေးဆွဲနေဆဲကာလသာဖြစ်လို့ ဘုရားတွေ ပြန်လည်ဖွင့်လှစ်မယ့် အချိန်ကာလ အတိအကျကိုတော့ မသိရသေးပါဘူး။
ပုဂံဒေသကို ဘုရားဖူးလာတဲ့ပြည်သူတွေမှာလည်း ကိုဗစ်ရောဂါပိုး ရှိ၊မရှိမသိနိုင်တဲ့အတွက် ကိုယ်လာတဲ့ဒေသတွေကနေ ကျန်းမာရေးစစ်ဆေးမှုတွေလုပ်လာပြီး ရောဂါပိုးကင်းစင်ကြောင်း ထောက်ခံချက်ပါရင် ပိုအဆင်ပြေနိုင်မှာဖြစ်တယ်လို့ ဦးကျော်ကျော်အုန်းက ပြောပါတယ်။
အစိုးရရဲ့ ညွှန်ကြားချက်နဲ့ ပြန်လည်ဖွင့်လှစ်ခွင့်ရရှိပါက ဘုရားဖူးပြည်သူတွေအတွက်ပါ လိုအပ်တဲ့ လိုက်နာရမယ့်စည်းကမ်းချက်တွေကို ထုတ်ပြန်သွားမယ်လို့သိရပါတယ်။ပုဂံဒေသက ပြည်တွင်းခရီးသွားတွေအပါအဝင် ၊နိုင်ငံခြားသားခရီးသွားတွေအတွက်ပါ လာရောက်လည်ပတ်မှုများတဲ့ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေတစ်ခုဖြစ်ပြီး ကိုဗစ်ကာလမှာ စီးပွါးရေးအထိခိုက်ဆုံးသော ဒေသတစ်ခုလည်းဖြစ်ပါတယ်။ နိုင်ငံတွင်း ကိုဗစ်စတင်ကူးစက်မှုရှိခဲ့စဉ် ဧပြီလလောက်ကတည်းက ဘုရားတွေကို ပိတ်ထားခဲ့ရတဲ့ ပုဂံဒေသဟာ ခရီးသွားဝင်ရောက်မှုမရှိတဲ့အတွက် ဟိုတယ်လုပ်ငန်းရှင်တွေအပါအဝင်၊ စျေးသည်တွေပါ ထိခိုက်မှုများစွာရှိခဲ့ပါတယ်။