ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ Moderna က ၎င်းရဲ့ COVID-19 ကာကွယ်ဆေးကို အမေရိကန်နဲ့ ဥရောပမှာ အရေးပေါ်သုံးအဖြစ် ခွင့်ပြုချက်လျှောက်ထားလိုက်ပြီပါတယ်။
(Photo: Reuters)
အမေရိကန်အခြေစိုက် Moderna ရဲ့ ကာကွယ်ဆေးဟာ နောက်ဆုံးအဆင့်စမ်းသပ်မှု အပြီးသတ်ရလဒ်တွေအရ COVID-19 ကို ၉၄.၁ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်းနဲ့ ဘေးအန္တရာယ်ကင်းမှု စိုးရိမ်စရာမရှိကြောင်း သိရပါတယ်။ ဒါ့အပြင် ကာကွယ်ဆေးက ပြင်းထန်တဲ့ COVID-19 ရောဂါဖြစ်ပွားမှုကို တားဆီးပေးမှုမှာ ၁၀၀ ရာခိုင်နှုန်း အောင်မြင်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။
Moderna ကာကွယ်ဆေး နောက်ဆုံးအဆင့်စမ်းသပ်မှု ကြားဖြတ်ရလဒ်တွေမှာတော့ COVID-19 ကို ၉၄.၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း ကုမ္ပဏီက နိုဝင်ဘာ ၁၆ ရက်မှာ ထုတ်ပြန်ထားခဲ့ပါတယ်။ ယခုအခါ Moderna ရဲ့ ကာကွယ်ဆေးက ၂၀၂၀ ခုနှစ်အတွင်း အမေရိကန်မှာ အရေးပေါ်သုံးအဖြစ် ခွင့်ပြချက်ရရှိလာနိုင်တဲ့ ဒုတိယမြောက် COVID-19 ကာကွယ်ဆေးဖြစ်လာမယ်လို့ ဆိုပါတယ်။
(ဒေါက်တာ Tal Zaks) (Photo: YouTube video screengrab)
"အလွန်ထိရောက်တဲ့ ကာကွယ်ဆေးတစ်ခု ကျွန်တော်တို့မှာရှိပြီလို့ ကျွန်တော်တို့ ယုံကြည်ပါတယ်၊ ဒီကပ်ရောဂါတိုက်ဖျက်ရေးမှာ အဓိကကျတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်လာနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်" လို့ Moderna ဆေးဘက်ဆိုင်ရာအရာရှိချုပ် ဒေါက်တာ Tal Zaks က တယ်လီဖုန်းအင်တာဗျူးမှာ ပြောခဲ့ပါတယ်။
သီတင်းပတ်ကုန်ရက်တွေမှာ ကာကွယ်ဆေးစမ်းသပ်မှု အပြီးသတ်ရလဒ်အရ ၉၄.၁ ရာခိုင်နှုန်း ထိရောက်မှုရှိကြောင်း သိရှိရပြီးနောက် စိတ်လှုပ်ရှား ခံစားခဲ့ရကြောင်း ဒေါက်တာ Tal Zaks က ဆိုပါတယ်။ "ကျွန်တော် ငိုချလိုက်တာ ပထမဆုံးအကြိမ်ပဲဗျာ" လို့ ဒေါက်တာက ဖွင့်ဟခဲ့ပါတယ်။
(Photo: Reuters)
Moderna က အမေရိကန်မှာ အရေးပေါ်သုံးအဖြစ် ခွင့်ပြုချက်လျှောက်ထားပြီးနောက် ဥရောပဆေးဝါးအေဂျင်စီ (European Medicines Agency) ထံမှလည်း ခွင့်ပြုချက်လျှောက်ထားခဲ့တာလို့ ဆိုပါတယ်။ နောက်ထပ် အမေရိကန်အခြေစိုက် ဆေးဝါးကုမ္ပဏီ Pfizer နဲ့ ၎င်းရဲ့မိတ်ဖက် ဂျာမန်ကုမ္ပဏီ BioNTech တို့ ပူးပေါင်းထုတ်လုပ်တဲ့ ကာကွယ်ဆေးက နောက်ဆုံးအဆင့်စမ်းသပ်မှု အပြီးသတ်ရလဒ်တွေအရ COVID-19 ကို ၉၅ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း သတင်းထုတ်ပြန်ခဲ့ပြီးနောက် Moderna ရဲ့ ယခုကြေညာချက် ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။
Pfizer-BioNTech ကာကွယ်ဆေးကို အမေရိကန်မှာ အရေးပေါ်သုံးအဖြစ် ခွင့်ပြုချက်လျှောက်ထားခဲ့ပြီး ဒီဇင်ဘာ ၁၀ ရက်နောက်ပိုင်းမှာ ခွင့်ပြုချက်ရရှိလာနိုင်ပါတယ်။ အမေရိကန် အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာန (Food and Drug Administration - FDA) ထံ အရေးပေါ်သုံး (Emergency Use Authorisation - EUA) အဖြစ် ခွင့်ပြုချက်ရရှိလာနိုင်တဲ့ Pfizer-BioNTech နဲ့ Moderna ကာကွယ်ဆေးနှစ်မျိုးလုံးကို messenger RNA သို့မဟုတ် mRNA လို့ သိထားကြတဲ့ နည်းပညာသစ်ကို အသုံးပြုပြီး ဖော်စပ်ထုတ်လုပ်ထားပါတယ်။
(Photo: Getty Images)
Moderna ကာကွယ်ဆေးဟာ Pfizer ကာကွယ်ဆေးထက် ပိုမိုလွယ်ကူစွာ ဖြန့်ဖြူးနိုင်တဲ့ အားသာချက်ရှိပြီး အပူချိန် ၂ မှ ၈ ဒီဂရီဆဲလ်စီးယပ်စ်ဖြင့် ရက် ၃၀ ကြာ သိုလှောင်ထားနိုင်ပြီး အပူချိန် အနုတ် ၂၀ ဒီဂရီဆဲလ်စီးယပ်စ်ဖြင့်ဆိုပါက ၆ လအထိ သိုလှောင်ထားနိုင်ကြောင်း သိရပါတယ်။ Pfizer နဲ့ BioNTech တို့ ပူးပေါင်းထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးကတော့ အပူချိန် အနုတ် ၇၀ ဒီဂရီဆဲလ်စီးယပ်စ်ဖြင့် သိုလှောင်ထိန်းသိမ်းပြီး သယ်ယူပို့ဆောင်ရန် လိုအပ်ပါတယ်။
ထပ်မံသိရတဲ့ သတင်းအရ Pfizer-BioNTech ကာကွယ်ဆေးကိုလည်း ဥရောပမှာ အရေးပေါ်သုံးအဖြစ် ခွင့်ပြုချက်လျှောက်ထားလိုက်ပြီလို့ ဆိုပါတယ်။ ဥရောပဆေးဝါးဌာနက Pfizer-BioNTech ကို ဒီဇင်ဘာ ၂၉ ရက်မှာလည်းကောင်း၊ Moderna ကို ဇန်နဝါရီ ၁၂ ရက်မှာလည်းကောင်း ခွင့်ပြုချက်ပေးမယ့်ကိစ္စ ဆုံးဖြတ်သွားမယ်လို့ သိရပါတယ်။ ကာကွယ်ဆေးဈေးနှုန်းများအဖြစ် Moderna က အစိုးရတွေအတွက် ဆေးတစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၂၅ ဒေါ်လာနဲ့ ၃၇ ဒေါ်လာအတွင်း (မြန်မာကျပ်ငွေ ၃၂,၀၀၀ ကျော်နဲ့ ၄၈,၀၀၀ ကျော်အတွင်း) ဖြင့် ရောင်းချသွားမယ်လို့ ပြောထားပါတယ်။
Pfizer-BioNTech ကာကွယ်ဆေးကတော့ တစ်လုံးလျှင် ၁၈ ဒေါ်လာ (မြန်မာကျပ်ငွေ ၂၃,၀၀၀ ကျော်) ဖြစ်ပါတယ်။ ထိုကာကွယ်ဆေးနှစ်မျိုးလုံးက နှစ်ကြိမ်ထိုးနှံရန် လိုအပ်ကြောင်းလည်း သိရပါတယ်။ ဗြိတိန်နိုင်ငံမှ အောက်စ်ဖို့တက္ကသိုလ် (Oxford University) နဲ့ ဆေးဝါးကုမ္ပဏီ AstraZeneca တို့ရဲ့ ကာကွယ်ဆေးကလည်း နောက်ဆုံးအဆင့်စမ်းသပ်မှုအရ COVID-19 ကို ၆၂ မှ ၉၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး ၃ ဒေါ်လာ (မြန်မာကျပ်ငွေ ၄,၀၀၀ ဝန်းကျင်) ဖြစ်ပြီး Pfizer-BioNTech နဲ့ Moderna ကာကွယ်ဆေးတွေထက် များစွာဈေးနှုန်းသက်သာပါတယ်။
ရုရှားနိုင်ငံထုတ် Sputnik V ကာကွယ်ဆေးကလည်း COVID-19 ကို ၉၂ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ကြောင်း ပြောထားပြီး ဈေးနှုန်းမှာ တစ်လုံးလျှင် ၁၀ ဒေါ်လာအောက် ဖြစ်ပါတယ်။ Pfizer-BioNTech ၊ Moderna ၊ Oxford-AstraZeneca နဲ့ Sputnik V ကာကွယ်ဆေးတွေဟာ နှစ်ကြိမ်ထိုးနှံရန် လိုအပ်ပါတယ်။ အခြား အလားအလာကောင်းတဲ့ ကာကွယ်ဆေးတွေအဖြစ် အမေရိကန်မှ Johnson & Johnson (J&J) နဲ့ တရုတ်မှ Sinovac အပါအဝင် ကာကွယ်ဆေးလေးမျိုးထက်မနည်းကိုလည်း နောက်ဆုံးအဆင့် စမ်းသပ်မှုတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။