ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းမှာ တောင်ကိုရီးယားနိုင်ငံ 5G သုံးစွဲသူအရေအတွက်ဟာ ၁၀ သန်းနီးပါး ရောက်ရှိခဲ့တယ်လို့ နိုင်ငံရဲ့ သိပ္ပံနဲ့အိုင်စီတီဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
သိပ္ပံနဲ့သတင်းအချက်အလက်ဆက်သွယ်ရေးနည်းပညာ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ထဲမှာ အောက်တိုဘာလကုန်ပိုင်းမှာ 5G subscribe လုပ်သူ ၉.၉၈ သန်း ရှိခဲ့တယ်လို့ ဆိုပါတယ်။ စက်တင်ဘာလကုန်ပိုင်း 5G subscriber အရေအတွက်ထက် ၇၃၅၁၁၃ ဦး ပိုမြင့်တက်လာခဲ့တာ ဖြစ်တယ်လို့လည်း Korea Herald သတင်းက ဖော်ပြထားပါတယ်။
Photo: Korea Herald
တောင်ကိုရီးယားမှ 5G subscribers အရေအတွက်ဟာ နိုင်ငံရဲ့ မိုဘိုင်းလ်သုံးစွဲသူ ၇၀.၄ သန်းရဲ့ ၁၄.၂% ရှိလာပြီ ဖြစ်ပါတယ်။ တောင်ကိုရီးယားဟာ ကမ္ဘာပေါ်မှာ ပထမဆုံး 5G ကွန်ရက် စတင်ဖြန့်ချိခဲ့တဲ့ နိုင်ငံဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဧပြီလထဲမှာ 5G ကွန်ရက်ကို စီးပွားဖြစ်ဖြန့်ကြက်ခဲ့တာ ဖြစ်ပါတယ်။
5G သုံးစွဲမှု မြင့်တက်လာခြင်းနဲ့အတူ 4G Subscription လုပ်မှုလည်း ကျဆင်းလာနေတယ်လို့ ဆိုပါတယ်။ 4G subscription လုပ်မှုကတော့ အောက်တိုဘာလကုန်ပိုင်းမှာ ၅၃.၉ သန်း ရှိခဲ့ပြီး ဒီအရင် စက်တင်ဘာလထက် ၃၉၇၁၁၈ ဦး ကျဆင်းလာတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလကုန်ပိုင်းမှာ Apple ထုတ် iPhone 12 စီးရီးတွေလည်း တောင်ကိုရီးယားဈေးကွက်ထဲ ဝင်ရောက်လာခဲ့ပါတယ်။
iPhone 12 စီးရီးတွေဟာ Apple ရဲ့ ပထမဆုံး 5G ကွန်ရက်ပါ iPhone တွေ ဖြစ်ပါတယ်။ iPhone 12 မော်ဒယ်တွေ ဈေးကွက်ဝင်ခြင်းကလည်း တောင်ကိုရီးယားနိုင်ငံရဲ့ 5G ကူးပြောင်းမှုကို ပိုမိုမြှင့်တင်ပေးနိုင်ဖို့ ရှိပါတယ်။ အောက်တိုဘာ ၃၀ ရက် ဈေးကွက်စဖြန့်ပြီးချိန်က စပြီး လက်ရှိမှာ တောင်ကိုရီးယားနိုင်ငံအတွင်း iPhone 12 စီးရီး ဖုန်းသစ်အလုံးရေ ၆ သိန်းဝန်းကျင်ခန့် ရောင်းချနိုင်ခဲ့ပြီး ဖြစ်မယ်လို့ Apple က ခန့်မှန်းထားပါတယ်။