ကမ္ဘောဒီးယား တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တောတစ်ခုမှာ လွတ်လပ်စွာ ကျက်စားနေထိုင်သွားမှာ ဖြစ်ပါတယ်။

ပါကစ္စတန် တိရိစ္ဆာန်ရုံတစ်ရုံကနေ ကယ်တင်ခဲ့ပြီးနောက် ကမ္ဘာ့အထီးကျန်ဆုံး ဆင်ကြီးတစ်ကောင်ဟာ ယခုအခါ ကမ္ဘောဒီးယားနိုင်ငံသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

(ဆင်ကြီးကို လာရောက်ကြိုဆိုသည့် ပေါ့ပ်စတား Cher) (Photo: Getty Images)

ကမ္ဘောဒီးယားကိုရောက်လာတဲ့ ဆင်ကြီး ကာဗန် (Kaavan) ကို ကြိုဆိုခဲ့ကြသူတွေအနက် ၎င်းအား ကယ်တင်ခေါ်ဆောင်နိုင်ရန် ဆောင်ရွက်ပေးတဲ့ ဥပဒေဆိုင်ရာအဖွဲ့တစ်ဖွဲ့ကို ကျသင့်ငွေပေးချေခဲ့သူ ပေါ့ပ်အဆိုတော် Cher လည်း ပါဝင်ခဲ့ပါတယ်။ ဆင်ကြီးကာဗန်ဟာ ပါကစ္စတန်ရှိ အဆင့်မမီတဲ့ Marghazar တိရိစ္ဆာန်ရုံမှာ ၃၅ နှစ်ကြာ နေထိုင်ခဲ့ပြီး ၂၀၁၂ ခုနှစ်အတွင်း ၎င်းရဲ့အဖော် သေဆုံးသွားပြီးနောက် တစ်ကောင်းတည်း ကျန်ရစ်နေခဲ့ပါတယ်။



(ပါကစ္စတန်တိရိစ္ဆာန်ရုံမှာ အထီးကျန်နေခဲ့သည့် ကာဗန်) (Photo: Getty Images)

ကမ္ဘောဒီးယားကိုရောက်ရှိလာတဲ့ ကာဗန်ဟာ တောရိုင်းတိရိစ္ဆာန် ဘေးမဲ့တောတစ်ခုမှာ နေထိုင်သွားမှာဖြစ်ပြီး အခြား ဆင်တွေနဲ့အတူ လွတ်လပ်စွာ လှည့်လည်သွားလာနိုင်မှာ ဖြစ်ပါတယ်။ "ကျွန်မ အရမ်းပျော်ပါတယ်၊ သူ ဒီကိုရောက်လာတဲ့အတွက် အရမ်းဂုဏ်ယူမိပါတယ်၊ သူက အံ့ဩဖွယ်ကောင်းတဲ့ တိရိစ္ဆာန်တစ်ကောင်ပါပဲ" လို့ ပေါ့ပ်စတား Cher က Siem Reap လေဆိပ်မှာ AFP သတင်းဌာနကို ပြောခဲ့ပါတယ်။

COVID-19 ကြောင့် ကမ္ဘာတစ်ဝန်း ခရီးသွားတွေ လေယာဥ်မစီးနိုင်ချိန်မှာ ကာဗန်ကတော့ ပါကစ္စတန်ကနေ လေယာဥ်စီးပြီး ကမ္ဘောဒီးယားကို ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ဆင်ကြီးကာဗန်ဟာ လေယာဥ်ပေါ်မှာ စိတ်ဖိစီးမှုမဖြစ်ခဲ့ဘဲ အစာစားပြီး အချိန်အနည်းငယ် အိပ်စက်ခဲ့တယ်လို့ Four Paws International (FPI) အဖွဲ့အစည်းမှ တိရိစ္ဆာန်ဆေးကုဆရာဝန် ဒေါက်တာ Amir Khalil က ပြောပါတယ်။

(နှစ်တွေနဲ့ချီ အထီးကျန်နေထိုင်ခဲ့ရသည့် ဆင်ကြီးကာဗန်) (Photo: ABC News)

ဆင်ကြီးကာဗန် နေထိုင်ခဲ့ရတဲ့ အစ္စလာမ်မာဘတ်မြို့မှ Marghazar တိရိစ္ဆာန်ရုံကို ပိတ်ပင်ရန် ပါကစ္စတန်အာဏာပိုင်တွေက ညွှန်ကြားထားခဲ့တာ ဖြစ်ပါတယ်။ FPI အဖွဲ့အစည်းက Marghazar တိရိစ္ဆာန်ရုံမှ အခြား တိရိစ္ဆာန်တွေကိုလည်း ရွှေ့ပြောင်းနေရာချပေးရန် အစ္စလာမ်မာဘတ် အာဏာပိုင်တွေနဲ့အတူ ပူးပေါင်းကူညီခဲ့ပါတယ်။ လက်ရှိမှာ ဟိမဝန္တာဝက်ဝံညိုနှစ်ကောင်၊ သမင်တစ်ကောင်နဲ့ မျောက်တစ်ကောင် ကျန်ရှိနေသေးကြောင်း AFP သတင်းက ဖော်ပြပါတယ်။

.

Share

Loading Next Article...
က္က