တောင်ကြီး တက္ကသိုလ် ကွာရန်တင်းစင်တာမှာ ကွာရန်တင်းဝင်ရောက်နေတဲ့ အမျိုးသမီးတစ်ဦး အဓမ္မပြုကျင့်ခံရတာနဲ့ ပတ်သက်ပြီး ဖြစ်စဉ်ကို စစ်ဆေးဆောင်ရွက်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
ကွာရန်တင်းဝင်နေတဲ့ အမျိုးသမီးတစ်ဦးကို အမျိုးသား တစ်ဦးက ဓားထောက်ပြီး အလိုမတူဘဲ အဓမ္မပြုကျင့်ခဲ့တာကြောင့် အဓမ္မပြုကျင့်ခံရတဲ့အမျိုးသမီးက စခန်းမှာ အမှုဖွင့်ထားတာဖြစ်ပြီး လက်ရှိအချိန်ထိ တရားခံကို ဖမ်းမိခြင်းမရှိသေးသလို ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့လည်း စစ်ဆေးမှုတွေလုပ်ဆောင်နေတယ်လို့ တောင်ကြီးမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာချစ်ရီက Duwun ကိုပြောပါတယ်။
" ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်။ စစ်ဆေးမှုအပိုင်းတွေကိုတော့ ရဲစခန်းဘက်ကပဲ စစ်ဆေးဆောင်ရွက်နေတယ်။ အမျိုးသမီးက ကွာရန်တင်းဝင်နေတာဆိုတော့ swab ယူစစ်ဆေးတာတွေလုပ်ဆောင်နေတယ်"လို့ ဒေါက်တာချစ်ရီက ပြောပါတယ်။
ကွာရန်တင်း ဝင်ရောက်နေတဲ့အမျိုးသမီးက မြဝတီမြို့ကနေ ပြန်လာတဲ့အတွက် နိုဝင်ဘာ(၂၉)ရက်နေ့က စတင်ကာ ကွာရန်တင်းဝင်နေခဲ့တာဖြစ်ပါတယ်။ အဲဒီနေ့ညမှာပဲ အမည်မသိအမျိုးသားတစ်ဦးက အခန်းတွင်းဝင်ရောက်ကာ အဓမ္မပြုကျင့် ထွက်ပြေးသွားခဲ့ပြီး တရားခံထွက်ပြေးပြီးနောက်မှာ အဆိုပါအမျိုးသမီးက ဘေးအခန်းကို အကူညီတောင်းပြီးရဲစခန်းကို တိုင်ကြားခဲ့တာဖြစ်ပါတယ်။
တာဝန်ရှိသူတွေနဲ့ရဲတပ်ဖွဲ့တွေက တရားခံကို ညတွင်းချင်း ရှာဖွေဆောင်ရွက်ခဲ့ပေမယ့်လည်း ယနေ့ထိဖမ်းဆီးရမိခြင်းမရှိသေးပါဘူး။
အဓမ္မပြုကျင့်ခံရတဲ့ အမျိုးသမီးကိုတော့ တောင်ကြီးမြို့ အမျိုးသမီးနှင့်ကလေးဆေးရုံမှာပို့ဆောင်ထားတယ်လို့ သိရပါတယ်။