ပြီးခဲ့တဲ့ ဒုတိယသုံးလပတ်မှာလည်း ဝင်ငွေ ၄ ဆတိုးခဲ့ပါတယ်

လူသုံးအများဆုံး Videoconferencing app တစ်ခုဖြစ်တဲ့ Zoom ရဲ့ တတိယသုံးလပတ်ဝင်ငွေဟာ ပြီးခဲ့တဲ့နှစ်ကာလတူထက် လေးဆခန့် ရှိလာတယ်လို့ ဆိုပါတယ်။

Zoom ဟာ တတိယသုံးလပတ်အတွင်းမှာ ဝင်ငွေဒေါ်လာ ၇၇၇.၂ သန်း ရခဲ့တယ်လို့ The Verge သတင်းက ဖော်ပြထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်ကာလတူထက် ၄ ဆခန့် ဝင်ငွေပိုရရှိတာလည်း ဖြစ်ပါတယ်။ ဒီနှစ်ထဲမှာ နှစ်အလိုက်ဝင်ငွေ ၄ ဆတိုးတာ သုံးလပတ်နှစ်ခုဆက်တိုက် ကြုံတာလည်း ဖြစ်ပါတယ်။



Photo: Express Computer


ပြီးခဲ့တဲ့ ဒုတိယသုံးလပတ်ကာလမှာ ဝင်ငွေအနေနဲ့ Zoom ဟာ ဒေါ်လာ ၆၆၃.၅ သန်း ရရှိခဲ့ပါတယ်။ ၂၀၁၉ ဒုတိယသုံးလပတ်ဝင်ငွေ ဒေါ်လာ ၁၄၅.၈ သန်း ရှိခဲ့တာ ဖြစ်လို့ နှစ်အလိုက်ဝင်ငွေအနေနဲ့ ၄၅၈%အထိ မြင့်တက်လာတာလည်း ဖြစ်ပါတယ်။ အောက်တိုဘာ ၃၁ ရက်နေ့မှာ ကုန်ဆုံးတဲ့ တတိယသုံးလပတ်ဘဏ္ဍာရေးကာလမှာတော့ နှစ်အလိုက် ၃၆၇% ကျော် ပိုရလာခဲ့တာ ဖြစ်ပါတယ်။

Zoom အနေနဲ့ စတုတ္ထသုံးလပတ်မှာလည်း နှစ်အလိုက်ဝင်ငွေ ၄ ဆခန့် ရဖို့ မျှော်လင့်ထားပါတယ်။ ဝန်ထမ်း ၁၀ ဦးကျော်ပဲ ရှိထားတဲ့ ဒီကုမ္ပဏီကို subscribe လုပ်ထားတဲ့ ဖောက်သည်ပေါင်း ၄၃၃၇၀၀ ခန့် ရှိလာပြီ ဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ သုံးလပတ်က ဖောက်သည်ဦးရေ ၃၇၀၂၀၀ ကနေ မြင့်တက်လာတာ ဖြစ်ပါတယ်။

ဝင်ငွေအနေနဲ့ ကုမ္ပဏီကို ဒေါ်လာ ၁ သိန်းနဲ့အထက် ရှာပေးနိုင်မယ့် ဖောက်သည်အရေအတွက်ဟာ အရင်နှစ်ကထက် ၁၃၆% မြင့်တက်ပြီး ၁၂၈၉ ဦးအထိ ရှိလာတယ်လို့ဆိုပါတယ်။ စုစုပေါင်း ဝင်ငွေအနေနဲ့ လာမယ့် ၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ ဒေါ်လာ ၂.၅၇၅ ဘီလျံကနေ ဒေါ်လာ ၂.၅၈၀ အထိ တိုးလာဖို့လည်း Zoom က ခန့်မှန်းထားပါတယ်။

Zoom CEO (Photo: Business Insider)


"ကျွန်တော်တို့ ဖောက်သည်တွေနဲ့ လူမှုအသိုင်းအဝိုင်းတွေရဲ့ ဆက်သွယ်ရေးလိုအပ်ချက်တွေကိုပဲ ဆက်လက်အာရုံစိုက်သွားမှာပါ။ Zoom ကို သုံးပြီး ဘယ်နေရာကမဆို အလုပ်လုပ်လို့ရတဲ့ ပုံစံသစ်တွေ ပြောင်းလာတဲ့လူတွေအတွက် ဖြစ်ပါတယ်။" လို့ Zoom တည်ထောင်သူနဲ့ CEO အဲရစ်ယွမ်က ဆိုပါတယ်။

ပြိုင်ဘက်အွန်လိုင်းရုပ်သံအစည်းအဝေးပလက်ဖောင်းတွေ ဖြစ်တဲ့ Microsoft Teams ၊ Google Meet နဲ့ Slack တို့ရဲ့ ပြင်းထန်တဲ့ ပြိုင်ဆိုင်မှုတွေနဲ့ ကြုံနေပေမယ့် Video Conferencing ပလက်ဖောင်းတွေထဲမှာ Zoom ကို လူကြိုက်များနေဆဲ ဖြစ်ပါတယ်။ လာမယ့် သုံးလပတ်အတွက် ဝင်ငွေကိုလည်း ဒေါ်လာ ၈၀၆ သန်းကနေ ၈၁၁ သန်းအကြား ဝင်ဖို့လည်း ကုမ္ပဏီက ခန့်မှန်းထားပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က