ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အများပြည်သူကို COVID-19 ကာကွယ်ဆေး အခမဲ့ထိုးနှံမှုအစီအစဥ် ပထမအသုတ်ကို လာမယ့်နှစ် ဖေဖေါ်ဝါရီလမှာ စတင်နိုင်မယ်လို့ မျှော်လင့်ထားကြောင်း ကျန်းမာရေးတာဝန်ရှိသူက ဒီဇင်ဘာ ၁ ရက်နေ့မှာ ပြောပါတယ်။
(Photo: Reuters)
လူဦးရေ သန်း ၁၆၀ ကျော်ရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဗြိတိန်နိုင်ငံထုတ် Oxford-AstraZeneca ကိုဗစ်ကာကွယ်ဆေး သန်း ၃၀ ဝယ်ယူရန် အိန္ဒိယမှ Serum Institute of India နဲ့ ပြီးခဲ့တဲ့လအတွင်း သဘောတူစာချုပ်တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။
"အစောဆုံးအနေနဲ့ လာမယ့် ဖေဖေါ်ဝါရီလမှာ ကာကွယ်ဆေး ပထမအသုတ်ရရှိမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပြီး ပြည်သူတွေကို အခမဲ့ ထိုးနှံပေးသွားမှာပါ" လို့ ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူ Abdul Mannan က သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ COVID-19 တိုက်ဖျက်ရေးမှာ ရှေ့တန်းမှပါဝင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကဲ့သို့ လူအုပ်စုတွေကို ဦးစားပေး ထိုးနှံသွားမယ်လို့ ဆိုပါတယ်။
(Photo: Reuters)
ဗြိတိန်နိုင်ငံ အောက်စ်ဖို့တက္ကသိုလ် (Oxford University) နဲ့ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ AstraZeneca တို့ရဲ့ ကာကွယ်ဆေးက တစ်လုံးလျှင် အမေရိကန်ဒေါ်လာ ၃ ဒေါ်လာမျှသာ ကျသင့်မှာဖြစ်ရာ အမေရိကန်ထုတ် Pfizer-BioNTech နဲ့ Moderna ကဲ့သို့ ကာကွယ်ဆေးတွေထက် များစွာဈေးသက်သာပါတယ်။
ဒါ့အပြင် AstraZeneca-Oxford ကာကွယ်ဆေးက အဆိုပါ ကာကွယ်ဆေးနှစ်မျိုးထက် ပိုမိုလွယ်ကူစွာ သိုလှောင်ထားရှိနိုင်ကြောင်း သိရပါတယ်။ Oxford-AstraZeneca ကာကွယ်ဆေးက နောက်ဆုံးအဆင့်စမ်းသပ်မှုတွေအရ COVID-19 ကို ပျမ်းမျှ ၇၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး နှစ်ကြိမ်ထိုးနှံရန် လိုအပ်ပါတယ်။
(Image: Worldometers webpage screengrab)
စမ်းသပ်မှု အချက်အလက်တွေအရ AstraZeneca-Oxford ကာကွယ်ဆေးကို အကောင်းဆုံးဖြစ်စေရန် ပြုလုပ်ခြင်းဖြင့် COVID-19 ကနေ ကာကွယ်ပေးနိုင်မှုဟာ ၉၀ ရာခိုင်နှုန်းအထိ ဖြစ်လာနိုင်ကြောင်းလည်း သိရပါတယ်။ ဘင်္ဂလားဒေ့ရှ်ဟာ GAVI ကာကွယ်ဆေးအစီအစဥ်မှလည်း COVID-19 ကာကွယ်ဆေး ၆၈ သန်းရရှိမှာဖြစ်ကြောင်း Abdul Mannan က ပြောပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၄၆၇,၀၀၀ ကျော်၊ သေဆုံးသူ ၆,၆၇၅ ဦးနဲ့ ပြန်လည်သက်သာသူ ၃၈၃,၀၀၀ ကျော်ရှိခဲ့ပါတယ်။