၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ(၈)ရက်မှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲမှာ မဲပေးပိုင်ခွင့်ရှိသူရဲ့ (၇၁)ရာခိုင်နှုန်းကျော် မဲပေးခဲ့တာဟာ နိုင်ငံတကာမှာ မဲပေးမှုရာခိုင်နှုန်း အလွန်ကောင်းမွန်တဲ့ အနေအထားမှာရှိတယ်လို့ ဂျပန်အစိုးရအထူးကိုယ်စားလှယ် ၊ နိပွန်ဖောင်ဒေးရှင်းဥက္ကဌက ပြောပါတယ်။
ဂျပန်အစိုးရအထူးကိုယ်စားလှယ် ၊ နိပွန်ဖောင်ဒေးရှင်းဥက္ကဌ ရိုဟေးဆာဆာကာဝါ နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလှသိန်း တွေ့ဆုံစဉ် မြန်မာနိုင်ငံရဲ့ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ခဲ့ကြောင်းနဲ့ မဲပေးပိုင်ခွင့်ရှိသူ (၃၈)သန်းကျော်အနက် (၂၇)သန်းကျော်မဲလာပေးခဲ့ပြီး (၇၁)ရာခိုင်နှုန်းကျော်ရှိခဲ့တယ်လို့ ရှင်းလင်းပြောကြားခဲ့တဲ့အတွက် ဒီလို ချီးကျူးစကားဆိုခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဒီလိုအောင်မြင်အောင် ကော်မရှင်ရဲ့ ကြိုးပမ်းဆောင်ရွက်မှုများကိုလည်း ချီးကျူးခဲ့ပြီး ဂျပန်နိုင်ငံက လှူဒါန်းတဲ့ မင်ဘူးတွေတာရှည်ခံတဲ့အတွက် ဝမ်းသာကြောင်းနဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို စနစ်တကျဆောင်ရွက်ထားမှု ၊ ပြည်သူများ စနစ်တကျမဲပေးခဲ့မှုနဲ့ မဲရေတွက်ခြင်းတွေကိုလည်း စနစ်တကျဆောင်ရွက်တာကို တွေ့ရှိခဲ့တယ်လို့ ဂျပန်အစိုးရအထူးကိုယ်စားလှယ် ၊ နိပွန်ဖောင်ဒေးရှင်းဥက္ကဌ ရိုဟေးဆာဆာကာဝါက ပြောပါတယ်။
အဲဒီနောက်မှာတော့ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ မဲဆန္ဒနယ်တွေနဲ့ စပ်လျဉ်းပြီး ဂျပန်အစိုးရအထူးကိုယ်စားလှယ် ၊ နိပွန်ဖောင်ဒေးရှင်းဥက္ကဌ ရိုဟေးဆာဆာကာဝါ နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးလှသိန်းတို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒီတွေ့ဆုံပွဲကိုတော့ ဒီနေ့ ဒီဇင်ဘာလ (၂)ရက် ၊ နေ့လယ် ၂နာရီမှာ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ဂျပန်အစိုးရ အထူးကိုယ်စားလှယ်အဖွဲ့နဲ့ ကော်မရှင်ရုံးတာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။