အမေရိကန်က ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်ခံရသူ အရေအတွက်ဟာ ဒီဇင်ဘာ ၃ ရက်နေ့မှာ ၆၅ သန်း ကျော်လွန်လာခဲ့ပြီး သေဆုံးသူ ၁.၅ သန်းကျော်ရှိလာခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

ယမန်နှစ် ဒီဇင်ဘာလကုန်က တရုတ်နိုင်ငံအလယ်ပိုင်း ဟူဘေးပြည်နယ် ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရတဲ့ COVID-19 ဟာ တစ်နှစ်မပြည့်မီမှာ ကမ္ဘာတစ်ဝန်း လူဦးရေ ၆၅ သန်းကျော်ကို လျင်မြန်စွာ ကူးစက်သွားခဲ့ပါတယ်။ ယခုအခါ COVID-19 ကြောင့် ကမ္ဘာတစ်ဝန်းမှာ လူဦးရေ ၁.၅ သန်းကျော် (၁,၅၁၁,၇၈၁ ဦး) သေဆုံးခဲ့ပြီး ၄၅.၃ သန်းကျော် ပြန်လည်သက်သာခဲ့ပါတယ်။



ကမ္ဘာတစ်ဝန်းမှာ အမေရိကန်က ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိအချိန်အထိ လူဦးရေ ၁၄.၅ သန်းကျော် ကူးစက်ခံထားရပြီး သေဆုံးသူ ၂၈၂,၀၀၀ ကျော်ရှိခဲ့ပါတယ်။ အမေရိကန်မှာ လတ်တလော ရက်ပိုင်းအတွင်း ကူးစက်မှု၊ သေဆုံးမှုနဲ့ ဆေးရုံတက်ရမှုတွေ စံချိန်တင် မြင့်တက်နေခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၂ ရက်) စာရင်းတွေအရ အမေရိကန်မှာ ဆေးရုံတက်ရတဲ့ COVID-19 လူနာအရေအတွက်ဟာ ပထမဆုံးအကြိမ် ၁၀၀,၀၀၀ ကျော်လာခဲ့ပြီး နိုဝင်ဘာလ အစောပိုင်းကထက် နှစ်ဆဖြစ်လာပါတယ်။ ထို့အတူ ကူးစက်ခံသူဦးရေ နောက်ထပ် ၁၉၅,၆၉၅ တိုးလာခဲ့ပြီး နေ့အလိုက် ကူးစက်မှု အမြင့်ဆုံးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ COVID-19 ကြောင့် သေဆုံးသူဦးရေကလည်း တစ်ရက်အတွင်း ၃,၁၀၀ ကျော်ရှိခဲ့ပြီး အများဆုံး စံချိန်တင်ခဲ့ပါတယ်။

မေရိကန်အပြင် COVID-19 ကြောင့် သေဆုံးသူအရေအတွက် သိန်းဂဏန်းရှိတဲ့ နိုင်ငံတွေအဖြစ် လက်ရှိအချိန်အထိ ဘရာဇီးမှာ ၁၇၅,၀၀၀ ကျော်၊ အိန္ဒိယမှာ ၁၃၉,၀၀၀ ကျော်နဲ့ မက္ကစီကိုမှာ ၁၀၈,၀၀၀ ကျော် ရှိခဲ့ပါတယ်။ ထိုအတောအတွင်း ဥရောပမှ အီတလီနိုင်ငံမှာ ယမန်နေ့က ထုတ်ပြန်မှုအရ သေဆုံးသူ ၉၉၃ ဦးရှိခဲ့ပြီး တစ်ရက်အတွင်း အမြင့်ဆုံး သေဆုံးမှုနှုန်း ဖြစ်လာပါတယ်။ ယခင်က အီတလီမှာ တစ်ရက်အတွင်း ၉၆၉ ဦး သေဆုံးခဲ့ပြီး အမြင့်ဆုံး စံချိန်တင်ထားခဲ့ပါတယ်။

(Photo: AP)

တောင်အာရှဒေသမှ အိန္ဒိယနိုင်ငံဟာ ကူးစက်မှု ဒုတိယအများဆုံးဖြစ်ပြီး လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၉.၅ သန်းကျော် တွေ့ရှိထားပါတယ်။ တစ်ကမ္ဘာလုံးမှာ တတိယမြောက် ကူးစက်မှုအများဆုံးဖြစ်တဲ့ ဘရာဇီးနိုင်ငံမှာလည်း ကူးစက်ခံရသူ စုစုပေါင်း ၆.၄ သန်းကျော်လွန်လာခဲ့ပြီ ဖြစ်ပါတယ်။

ကမ္ဘာလုံးအတိုင်းအတာအရ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုတွေဟာ နှေးကွေးလျော့သွားခြင်း မရှိသေးဘဲ နေ့စဥ် တရိပ်ရပ် မြင့်တက်လာနေဆဲ ဖြစ်ပါတယ်။ အရှေ့တောင်အာရှမှာလည်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုများ နေ့စဥ် တိုးလာနေဆဲ ဖြစ်ပါတယ်။

အရှေ့တောင်အာရှမှာ ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံး သုံးနိုင်ငံအဖြစ် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မြန်မာတို့က အစဥ်လိုက်ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ဩဂုတ်လလယ်မှစပြီး ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသာစွာ ဆက်တိုက်မြင့်တက်နေခဲ့တာ ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက ဒီဇင်ဘာ ၃ ရက် ည ၈ နာရီအချိန်အထိ ထုတ်ပြန်မှုအရ COVID-19 အတည်ပြုလူနာ ၁,၄၁၈ ဦးနဲ့ သေဆုံးသူ ၃၀ ဦး တိုးလာခဲ့ပါတယ်။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၉,၀၁၈ ဦး၊ သေဆုံးသူ ၂,၀၂၈ ဦး၊ ပြန်လည်သက်သာပြီး ဆေးရုံမှဆင်းခွင့်ရသူ ၇၃,၇၄၈ ဦးနဲ့ ကုသမှုခံယူနေရဆဲ လူနာ ၁၉,၂၄၂ ဦးရှိကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က