ပလတ်စတစ်တွေကို Eco Brick ပြုလုပ်ပြီး တည်ဆောက်မှာပါ။

ရေသန့်ဘူးခွံအဟောင်းတွေ၊ ကော်ဖီမစ်ထုတ်အဟောင်းတွေ စသဖြင့် စွန့်ပစ်ပလတ်စတစ်တွေကို နံရံတွေအဖြစ် အသုံးပြုပြီး စာကြည့်တိုက်တစ်ခုအဖြစ် တည်ဆောက်သွားမယ်လို့ Clean Yangon ကနေ သိရပါတယ်။

စွန့်ပစ်ပလတ်စတစ်အမှိုက်တွေကို ပြန်လည်အသုံးပြုနိုင်တဲ့ Recycle နည်းတွေကို အများပြည်သူ သိရှိလာစေဖို့ ရည်ရွယ်ပြီးတော့ ပလတ်စတစ်အမှိုက်တွေကို Eco Brick ပြုလုပ်ကာ စာကြည့်တိုက်တည်ဆောက်ရေးမှာ အသုံးပြုသွားမှာဖြစ်တယ်လု့ိ Clean Yangon တာဝန်ခံ ကိုဇေယျာထွန်းက ပြောပြပါတယ်။



" စာကြည့်တိုက်ရဲ့ Structure ကိုအုတ်နဲ့ဘိလပ်မြေနဲ့ ဆောက်တာပေ့ါ။ ဒါပေမယ့် နံရံတွေအကုန်လုံးကို Recycle နည်းနဲ့ပဲသွားမှာ။ Eco Brick ဖြစ်အောင်ဆိုပြီးတော့ စွန့်ပစ်ပလတ်စတစ်အမှိုက်တွေကို ရေသန့်ဘူးထဲထည့်တယ်။ Eco Brickတစ်လုံးရပြီဆိုရင် အဲဒါလေးတွေ စုစုပြီးထည့်ထားတော့ စာကြည့်တိုက်လိုလုပ်မှာပါ။ စာကြည့်တိုက်အတွက် ပရိဘောဂတွေကိုလည်း Eco Brickနဲ့ ပဲလုပ်မှာပါ” လို့ ကိုဇေယျာထွန်းက Duwun ကို ပြောပါတယ်။

Photo-Clean Yangon

Eco Brick ဆိုတာ ရေသန့်ဘူးခွံအဟောင်းထဲ စွန့်ပစ်ပလတ်စတစ်အမှိုက်တွေကို ထည့်သွင်းထားတာဖြစ်ပြီး အုတ်အစားထိုးအဖြစ် အဆောက်အဦးတည်ဆောက်ရာမှာ နံရံတွေအဖြစ် အသုံးပြုနိုင်သလို ပရိဘောဂတွေ၊ ပန်းခြံတွေ ပြုလုပ်တဲ့နေရာမှာ အသုံးပြုနိုင်တယ်လို့သိရပါတယ်။

ပေ (၂၀) ပေ (၃၀) စာကြည့်တိုက် အဆောက်အဦအတွက် စွန့်ပစ်ပလတ်စတစ် (၁) လီတာ ရေသန့်ဘူးခွံအဟောင်းတွေ နှစ်သောင်းကျော်ခန့် လိုအပ်မှာဖြစ်ပြီး (၁) လီတာဘူးတစ်ဘူးမှာ ပလတ်စတစ်အမှိုက် ၃၅၀ ဂရမ်ခန့်ပါဝင်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ အဆိုပါ စွန့်ပစ်ပလတ်စတစ်တွေများစွာ အသုံးပြုရမှာဖြစ်တဲ့အတွက် ကမ္ဘာမြေပေါ်မှာ စွန့်ပစ်ပလတ်စတစ်တွေနည်းပါးသွားမှာဖြစ်ပြီး သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျော့နည်းစေဖို့အတွက် ရည်ရွယ်တာဖြစ်တယ်လို့လည်း သိရပါတယ်။

“Eco Brick ဖြစ်အောင် ရေသန့်ဘူးထဲကို စွန့်ပစ်ပလတ်စတစ်တွေ ပြွတ်သိပ်ထည့်ရတယ်။သူ့ရဲ့ သိပ်သည်းဆတော့ ရှိတာပေါ့။ ပလတ်စတစ်စုဆောင်းဖို့အတွက် အိမ်ရှင်မတွေဆီက အလှူခံရတယ်။ နောက်ပြီးစေတနာ့ဝန်ထမ်းတွေကပဲ အမှိုက်တွေကို ကိုယ်တိုင် လိုက်စုဆောင်းတာမျိုးတွေလုပ်တယ်။ Eco Brick နှစ်သောင်းကျော်ရဖို့ဆိုရင် တစ်နေ့ကို အလုံးရေ ၃၀၊ ၄၀ လောက်ပဲလုပ်နိုင်တယ်။ တစ်လုံးကို တစ်နာရီလောက်ကြာအောင်လုပ်ရပါတယ်။ “ လို့ ကိုဇေယျာထွန်းက ပြောပြပါတယ်။

Eco Brick တွေနဲ့ ဖွဲ့စည်းတည်ဆောက်မယ့် စာကြည့်တိုက်ကို တိုက်ကြီးမြို့နယ်၊ ချောင်းကျိုးကျေးရွာ အာစိဏ္ဏသိရီ ပရဟိတကျောင်းအတွက် တည်ဆောက်လှူဒါန်းသွားမှာဖြစ်ပြီး ကျောင်းရှိ မိဘမဲ့ကလေးများနှင့် စာသင်သားသံဃာတွေ၊ အနီးအနားကျေးရွာတွေက လူတွေ အသုံးပြုနိုင်တယ်လို့လည်းသိရပါတယ်။

စာကြည့်တိုက်တည်ဆောက်ဖို့ အတွက် လှူဒါန်းလိုသူတွေအနေနဲ့ Clean Yangon facebook မှ တစ်ဆင့်လှူဒါန်းနိုင်ပြီး ဖုန်းနံပါတ် ၀၉ ၇၉၉၆ ၇၀ ၉၁၄၊ ၀၉ ၇၉၁၉ ၆၄ ၇၂၂ ၊ ၀၉ ၄၂၁၁ ၁၁၅၉၄ ကို ဆက်သွယ်မေးမြန်း လှူဒါန်းနိုင်တယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က