နင်ဇီမေကတော့ ခန္ဓာကိုယ် ဝတဲ့အချိန်မှာ စင်ပေါ်တက်ပြီး သီချင်းဆိုရတာကအစ၊ အသက်ရှုရတာကအဆုံး အခက်အခဲတွေ ကြုံခဲ့ရတယ်လို့ပြောပါတယ်။

Photo: Ninzi May
အဆိုတော် နင်ဇီမေ ကတော့ ဂီတအလုပ်တွေ နားနေရလို့ အိမ်မှာနေရတဲ့ အချိန်တွေမှာ ပေါင် ၁၅၀ အထိ ဝိတ်တက်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကိုယ့်အလုပ်အတွက် အနှောင့်အယှက်ဖြစ်စေမယ့် ဝိတ်တက်မှုမျိုးကို မလိုချင်တာကြောင့် ဝိတ်ချနေပြီလို့ Duwun ကို ပြောပါတယ်။
“ သီချင်းဆိုဖို့အတွက် စင်ပေါ်တက်နေရတဲ့သူဆိုတော့ ကိုယ့်ဝိတ်ကို ထိန်းရတယ်။ ပေါင် ၁၅၀ လောက်အထိ ဝိတ်တက်တာ။ ညီမ ဝိတ်အရမ်းတက်သွားလို့ အခု ဝိတ်အရမ်းချနေပါတယ်။ ဝတော့ သီချင်းဆိုရတာ အဆင်မပြေဘူး၊ အသက်ရှုရတာတွေ ကြပ်လာတယ်၊ သီချင်းဆိုတဲ့အခါမှာ အနှောင့်အယှက်ဖြစ်လာတဲ့ အခါကျတော့ ကိုယ့်ကိုယ်ကိုယ် ဒါကို လက်မခံနိုင်တော့ဘူး။ အဲဒါကြောင့် ဝိတ်ချဖြစ်တာ။ အခုဆိုရင် လူက ကျန်းမာလာတယ်၊ ပေါ့ပေါ့ပါးပါးနဲ့ အဝတ်အစားတွေလည်း ချောင်လာတယ်၊ နေရ ထိုင်ရတာလည်း သက်သာတော့ ဒါက အကျိုးကျေးဇူး အများကြီးရတယ်” လို့ သူကဆိုပါတယ်။
Photo: Ninzi May
အစားအသောက်ကို ခုံမင်သူ အနေနဲ့ ဝိတ်ချရတာဟာ တကယ်မလွယ်ကူတဲ့ အလုပ်ပါလို့ နင်ဇီမေက ဆိုပါတယ်။
“ ဝိတ်ချဖို့ဆိုတာ လုံးဝ မလွယ်ဘူး။ အစားအသောက်ကြိုက်တဲ့သူဆို ပိုဆိုးတယ်၊ အစားအသောက်က လူတိုင်းနဲ့ တည့်တယ်၊ လူတိုင်းလည်း ကြိုက်တယ်။ ကိုယ့်ရဲ့ စိတ်ဓာတ် မကြံ့ခိုင်လို့ရှိရင်၊ စိတ်မမာဘူးဆိုရင် အရမ်းပင်ပန်းတယ်။ ဒါပေမယ့် ကျန်းမာချင်တယ်၊ လှချင်တယ်၊ ဝိတ်ကျချင်တယ်ဆိုရင်တော့ မိန်းကလေးတိုင်း ကြိုးစားသင့်တယ်လို့မြင်တယ်။ ကိုယ့်ရဲ့ ဝိတ် Goal လေးရောက်ရင်တော့ အစားကို တဖြည်းဖြည်းချင်းစားရမှာပါ။ အလွန်အကျွံကြီးကတော့ မကောင်းဘူးပေါ့”
Photo: Ninzi May
နင်ဇီမေဟာ Myanmar Idol Season 1 သီချင်းဆိုပြိုင်ပွဲ ပြီးကတည်းက ဂီတအလုပ်တွေ ဆက်တိုက် လုပ်နေရတာဖြစ်ပါတယ်။ သူ့အနေနဲ့ ပြိုင်ပွဲကြီး ပြီးသွားတဲ့ နောက်မှာလည်း ဖျော်ဖြေရေးတွေမှာ ပါဝင်သီဆိုနေရသလိုတာဖြစ်ပါတယ်။ နင်ဇီမေ နဲ့ ရဲလေးတို့ သီဆိုထားတဲ့ '' ဟိုအရင်ကလို'' သီချင်းကလည်း လူငယ်တွေကြားမှာ အကြိုက်တွေ့ခဲ့ပါတယ်။ အဆိုတော်ရဲလေးရဲ့ သီချင်းကို Cover Song အနေနဲ့ ''အသည်းကွဲတယ် ဆိုတာ'' သီချင်းကို နင်ဇီမေက ပြန်ဆိုတဲ့အချိန်မှာလည်း ပရိသတ်တွေအားပေးခဲ့ကြသလို သူ့ရဲ့ သီချင်းတွေဖြစ်တဲ့ '' ချစ်နေရရင်ပဲ''၊ '' ချစ်တာ အမှား'' သီချင်းတွေကလည်း မိန်းကလေး ပရိသတ်တွေ ပိုပြီးကြိုက်ခဲ့ကြပါတယ်။