ဓမ္မဝေဒဂူကျောင်းမှ စာသင်သားသာမဏေတစ်ပါး ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့ရာမှ ကျန်သံဃာတော်တွေကိုပါ စစ်ဆေးပေးနေတာပါ။

မန္တလေး မစိုးရိမ်တိုက်သစ်မှာ သံဃာတော်အပါးရှစ်ဆယ်ကျော် ကိုဗစ်ရောဂါကူးစက်ခံထားရတယ်လို့ မြို့နယ် Covid-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီကနေ သိရပါတယ်။

ကျောင်းတိုက်ဝင်းအတွင်း သီတင်းသုံးနေထိုင်တော်မူကြတဲ့ ရဟန်းသံဃာတော်တွေနဲ့သာမဏေတွေကို ပိုးရှိမရှိစစ်ဆေးမှုအရသိရတာဖြစ်ပြီး နိုဝင်ဘာလ ၂ ရက်နေ့ကနေ မနေ့ကအထိ ၅ ရက်တာကာလအတွင်း ရဟန်းသာမဏေ ၈၇ ပါးမှာ ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်တယ်လို့ မဟာအောင်မြေမြို့နယ် Covid-19 ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အုပ်ချုပ်ရေးမှူးဦးနိုင်ဝင်းကပြောပါတယ်။



"အစိုးရအဖွဲ့ရဲ့အစီအစဉ်နဲ့ တိုက်သစ်မှာရှိသမျှသံဃာအကုန်စစ်ဆေးပေးနေတာပါ၊ ဆရာတော်ကြီးတွေကအစ အားလုံးကိုစစ်ပေးတာပါ၊ မစိုးရိမ်တိုက်သစ် မှာ ပိုးတွေ့သံဃာရှိထားလို့ အစိုးရအဖွဲ့အစီအစဉ်နဲ့စစ်ဆေးပေးတာပါ၊ ဒီနေ့အထိအပါးရှစ်ဆယ်ကျော်ပိုးတွေ့ထားပါတယ်" လို့ ၎င်းကဆိုပါတယ်။

သာသနာရေးဆိုင်ရာစာမေးပွဲဖြေဆိုဖို့ လျှောက်လွှာခေါ်ယူနေတာကြောင့် နေရပ်ပြန်သံဃာတော်တွေ မိမိတို့ဒေသပြန်ကြွတဲ့အခါမှာ ဝင်ထွက်ခွင့်အခက်အခဲမဖြစ်စေဖို့ အခုလိုစီစဉ်ပေးတာလို့သိရပါတယ်။

"သာသနာရေးဆိုင်ရာစာမေးပွဲဖြေဆိုဖို့ နေရပ်ပြန်မယ့်သံဃာတော်တွေလည်းရှိတော့ ကျောင်းနေသံဃာတော်တွေကို နှစ်ကြိမ်စစ်ဆေးပြီး ပိုးမတွေ့အဖြေ ထွက်မှ ထောက်ခံချက်နဲ့နေရပ်ပြန်ကြွနိုင်ဖို့စီစဉ်ပေးတာပါ" လို့ မစိုးရိမ်တိုက်သစ်မှဆရာတော်ဘဒ္ဒန္တပုညကမိန့်ပါတယ်။ စာသင်စာချသီတင်းသုံးနေထိုင်တော်မူကြတဲ့သံဃာအပါး ၉၀၀ ကျော်ရှိတဲ့ မန္တလေး မစိုးရိမ်တိုက်သစ်မှာ ပြီးခဲ့တဲ့နိုဝင်ဘာလ ၂ ရက်နေ့က ကျောင်းတိုက်ဝင်းအတွင်းရှိ ဓမ္မဝေဒဂူကျောင်းကစာသင်သားသာမဏေတစ်ပါး ကိုဗစ်ရောဂါပိုးတွေ့ရှိလို့ အဲဒီကစလို့ ကျန်သံဃာတော်တွေကိုပါ ရောဂါပိုးရှိမရှိစစ်ဆေးပေးနေတာပါ။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က