ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့ က စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကူးစက်ခံထားရတယ်လို့ တိုင်းအစိုးရအဖွဲ့ ရဲ့ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးဦးဝင်းဌေးကပြောပါတယ်။
ပထမအကြိမ် RDT test kit နဲ့စစ်ဆေးရာမှာ Negative ထွက်ခဲ့ပြီး ဒုတိယအကြိမ် NHL ကိုပို့ပြီးစစ်ဆေးမှုမှတော့ ကိုဗစ်ပိုးကူးစက်ခံရတာကို တွေ့ရှိခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ "သူက လပ္ပတ္တာကိုပြန်သွားတယ်၊ပြန်သွားတယ်ဆိုတာက ရွေးကောက်ပွဲကုန်ကျစရိတ်လွှတ်တော်ကိုယ်စားလှယ်ကုန်ကျစရိတ်တွေ စာရင်းရှင်းတမ်းတွေပြန်တင်ရင်းနဲ့ ၅ ရက်နေ့မှာ RDT နဲ့စစ်တယ် စစ်တော့လွှတ်တော် ကိုယ်စားလှယ်ကျန်တဲ့သူတွေက positive ထွက်ပြီး သူက negative ထွက်တယ်။ဒါပေမယ့် ဒါပေမယ့် သူက လပ္ပတ္တာမှာပဲ ကွာရန်တင်းဝင်နေတာပေါ့။ကွာရန်တင်းဝင်နေပြီး ၈ရက်နေမှာ swab ယူပြီး NHL ပို့လိုက်တော့ ၉ ရက်နေ့ကျတော့မှ positive ပဲသွားထွက်တာပေါ့။"လို့ ဝန်ကြီး ဦးဝင်းဌေးကပြောပါတယ်။
စည်ပင်သာယာရေးဝန်ကြီးဦးကျော်မြင့်ဟာ ရွေးကောက်ပွဲ ငွေစာရင်း ရှင်းတမ်းတွေ ဆောင်ရွက်ဖို့ လပွတ္တာမြို့ကို သွားရောက်ဆောင်ရွက်နေစဉ် covid-19 ကူးစက်ခံခဲ့ရခြင်းဖြစ်ပြီး ပိုးကူးစက်ခံထားရကြောင်းကိုတော့ ဒီဇင်ဘာ ၉ ရက်နေ့မှာသိရှိရတာဖြစ်တယ်လို့သိရပါတယ်။စည်ပင်ဝန်ကြီးရဲ့ မိသားစုတွေကိုလည်း Primary Contact အဖြစ် ကျန်းမာရေးစစ်ဆေး မှုပြုလုပ်ဖို့စီစဉ်နေပြီး ဝန်ကြီးကိုလည်း လပ္ပတ္တာကနေ ပုသိမ်မြို့ရှိ တိုင်းရင်းဆေးရုံမှာ ကုသမှုခံယူဖို့ ဒီနေ့ ခေါ်ဆောင်ဖို့စီစဉ်နေပါတယ်။ စည်ပင်ဝန်ကြီးကိုဗစ်ကူးစက်ခံရတဲ့ဖြစ်စဉ်မှာတိုင်းအစိုးရအဖွဲ့ နဲ့ ဆက်စပ်မှုမရှိတာကြောင့် အစိုးရအဖွဲ့ရုံးလုပ်ငန်းတွေကိုတော့ ပုံမှန်အတိုင်းလုပ်ဆောင်နေတယ်လို့သိရပါတယ်။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။