ကိုဗစ်စိန်ခေါ်မှုတွေကို အဂတိတရားကင်းစင်မှုနဲ့ ဆောင်ရွက်ဖို့လည်း သမ္မတတိုက်တွန်း

အစိုးရအနေနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို ကောင်းမွန်စွာဆောင်ရွက်နိုင်မှုကြောင့် အများပြည်သူလက်ခံတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့အစည်းအဖြစ် မြန်မာနိုင်ငံအနေနဲ့ အာရှဒေသ(၁၇)နိုင်ငံအတွင်း အဆင့် (၁)နေရာမှာ အမြင့်ဆုံးအသိအမှတ်ပြုခြင်းခံရတယ်လို့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ပြောဆိုလိုက်ပါတယ်။

ဒီဇင်ဘာ (၁၀) ရက်က ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားမှာမိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအနေနဲ့ အဂတိလိုက်စားမှုကို လုံခြုံစိတ်ချစွာတိုင်ကြားနိုင်မှုမှာလည်း အမြင့်ဆုံးအဆင့်ကို ရရှိခဲ့တယ်လို့ (၂၀၂၀) ခုနှစ် နိုဝင်ဘာမှာထုတ်ပြန်တဲ့ တစ်ကမ္ဘာလုံးဆိုင်ရာ အဂတိလိုက်စားမှု ဘာရိုမီတာ စစ်တမ်းမှာ ဖော်ပြထားတယ်လို့သိရပါတယ်။

သမ္မတဦးဝင်းမြင့်က မိမိတို့အစိုးရအနေနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကို နိုင်ငံရေးစိတ်ဆန္ဒပြင်းစွာနဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်နေပြီး နိုင်ငံဖွံဖြိုးတိုးတက်မှုနဲ့ တည်ငြိမ်အေးချမ်းမှုကို ဘက်ပေါင်းစုံက ထိခိုက်စေနိုင်တဲ့ အဂတိလိုက်စားမှုတွေ လျော့နည်းပပျောက်စေရေးအတွက် မိမိတို့နိုင်ငံမှာ စုံစမ်းစစ်ဆေးအရေးယူခြင်းကို ဘက်လိုက်မှုမရှိဘဲဥပဒေနဲ့အညီ ဆောင်ရွက်နေတယ်လို့လည်းဆိုပါတယ်။

အထူးအားဖြင့် အဂတိလိုက်စားမှုတွေဟာ ဘယ်လိုအကြောင်းအချက်တွေကြောင့် ဖြစ်ပေါ်လာရတာလဲဆိုတဲ့ အဂတိကိုလက်ယက်ခေါ်နေတဲ့ ရေခံ၊မြေခံတွေမှန်သမျှ ဖယ်ထုတ်နိုင်ဖို့ ကြိုးစားရမှာဖြစ်ပြီး ခက်ခဲရှုပ်ထွေးတဲ့ ဥပဒေ၊ နည်းဥပဒေ၊ အမိန့်၊ညွှန်ကြားချက်၊ စည်းမျဉ်း၊ စည်းကမ်းတို့ကို အများပြည်သူ လွယ်ကူရှင်းလင်းစွာ နားလည်တဲ့ ဖော်ပြချက်တွေ အဖြစ် ပြုပြင်မယ်လို့လည်း နိုင်ငံတော်သမ္မတက ပြောကြားထားပါတယ်။

အဂတိလိုက်စားမှုကို နိုင်ငံရေးစိတ်ဆန္ဒပြင်းပြစွာ တိုက်ဖျက်တာအပြင် အဂတိလိုက်စားမှုကို ဆန့်ကျင်တဲ့ ယဉ်ကျေးမှုအလေ့အထကိုလည်း ပြည်သူတွေ လက်ခံကျင့်သုံးတာနဲ့အမျှ အများပြည်သူဆိုင်ရာ အုပ်ချုပ်ရေးနဲ့ ပြည်သူ့ဘဏ္ဍာငွေလည်း စနစ်တကျ စီမံခန့်ခွဲနိုင်မယ်လို့လည်း ဆိုပါတယ်။

ဆက်လက်ပြီး နိုင်ငံတော်သမ္မတက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မိမိတို့နိုင်ငံမှာ ကြုံတွေ့နေရတဲ့ စီးပွားရေး၊လူမှုရေးအခက်အခဲတွေနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းရာမှာ အဂတိတရား ကင်းစင်မှုနဲ့ ဆောင်ရွက်ကြဖို့ကိုလည်း အသိပေးပြောကြားသွားခဲ့တာပါ။

ဒါ့အပြင် အုပ်ချုပ်ရေး၊ဥပဒေပြုရေးနဲ့ တရားစီရင်ရေးမဏ္ဍိုင် (၃)ခုက တာဝန်ရှိသူတွေနဲ့ ပြည်သူလူထုတစ်ရပ်လုံးက အဂတိလိုက်စားမှုတိုက်ဖျက်ရေးကိုတက်ညီလက်ညီ တိုးမြှင့်ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း အလေးအနက် တိုက်တွန်းပြောကြားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က