မြန်မာနိုင်ငံမှာ B.Sc(Sports) ဘွဲ့ရသူဦးရေက နှစ်စဉ် အယောက်(၁၀၀)ဝန်းကျင်ပဲရှိတဲ့အတွက် တက္ကသိုလ်တွေမှာ B.Sc(Sports)ဘွဲ့သင်တန်းတွေ ဖွင့်နိုင်ဖို့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အားကစားဝန်ကြီးဌာနနဲ့ ပူးပေါင်းဆောင်ရွက်လိုတယ်လို့ ပြောကြားခဲ့ပါတယ်။
ပညာရေးဝန်ကြီးဌာနရဲ့ သင်ရိုးသစ်မှာ (KG+G12) အထိ ကာယဘာသာရပ်ကို မသင်မနေရ ထည့်သွင်းရေးဆွဲခဲ့ပေမယ့် လက်ရှိမှာတော့ တက္ကသိုလ်ဝင်တန်း ကာယဆရာ/ဆရာမ လုံလောက်စေ ဖို့ B.Sc(Sports)ဘွဲ့ရရှိသူတွေကို ခန့်အပ်နိုင်ဖို့ ညှိနှိုင်းရာမှာ နှစ်စဉ် ဘွဲ့ရသူဦးရေ (၁၀၀)ခန့်ပဲရှိတဲ့အတွက် လုံလောက်မှုမရှိသေးတာကြောင့် ဖြစ်တယ်လို့ ဒေါက်တာမျိုးသိမ်းကြီးက ပြောပါတယ်။
အခြေခံပညာကျောင်းတွေမှာ ကာယပညာက အလွန်အရေးကြီးပေမယ့် သင်ရိုးဟောင်းမှာ ကာယာပညာရပ်ဘာသာရပ်က တွဲဖက်သင်ရိုးသာရှိခဲ့ပြီး သီးသန့်သင်ရိုးညွှန်းတမ်း (Text Book) မရှိခဲ့သလို လေ့ကျင့်ရေးအားကစားပစ္စည်းတွေလည်း လုံလုံလောက်လောက် မထောက်ပံ့နိုင်ခဲ့ဘူးလို့ ပညာရေးဝန်ကြီးက ပြောကြားခဲ့ပါတယ်။
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက အားကစားသိပ္ပံကျောင်းများမှာ ပညာသင်ပြီး ပညာရေးဝန်ကြီးဌာနက တက္ကသိုလ်တွေမှာ ဆက်လက်ပညာသင်ယူနိုင်ဖို့အတွက် မူဝါဒ တိတိကျကျချမှတ်ပေးဖို့ ပူးပေါင်းဆောင်ရွက်ပေးမယ်လို့ ဒီဇင်ဘာလ ၁၁ရက်က ပြုလုပ်တဲ့ အားကစားနဲ့ပညာရေးပေါင်းစပ်မှုဦးစီးကော်မတီဖွဲ့စည်းရေး ညှိနှိုင်းအစည်းအဝေးမှာ ပညာရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားခဲ့တာပါ။
ဒီညှိနှိုင်းအစည်းအဝေးကိုတော့ ဒီဇင်ဘာလ ၁၁ရက်က Video Conferencing စနစ်နဲ့ ပြုလုပ်ခဲ့ပြီး ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီးတွေဖြစ်တဲ့ ဦးဝင်းမော်ထွန်း၊ ဒေါက်တာမြလေးစိန်၊ ပညာရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနတို့က ညွှန်ကြားရေးမှူးချုပ်များဖြစ်တဲ့ ဒေါက်တာသိန်းဝင်း၊ ဦးကိုလေးဝင်း၊ ဦးမျိုးသန့်၊ ဦးမျိုးလှိုင် ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက တာဝန်ခံ ညွှန်ကြားရေးမှူးများ နဲ့ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။