Huawei ဟာ ထူးထူးခြားခြား စိတ်ဝင်စားဖို့ကောင်းတဲ့ High-end တက်ဘလက်တစ်မျိုး မိတ်ဆက်သွားမယ်လို့ သတင်းတွေ ထွက်နေပါတယ်။
အန်းဒရိုက်တက်ဘလက်ဈေးကွက်ဟာ iPad တွေရဲ့ အောင်မြင်မှုနဲ့ နှိုင်းစာရင် အနုတ်လက္ခဏာပြနေပေမယ့် Huawei ကတော့ ဈေးကွက်ကို စိန်ခေါ်နိုင်မယ့် ပရီမီယံတက်ဘလက်တစ်မျိုးကို ကြေညာဖို့ ရှိတယ်လို့ ယူဆရပါတယ်။ လတ်တလော ကြားနေရတဲ့ သတင်းတွေအရ Huawei MatePad သစ်ဟာ အဆင့်မြင့် features တွေနဲ့ ထွက်လာဖို့ရှိပါတယ်။
Photo: sparrowsnews
Courage Digital ကနေ လာတဲ့ သတင်းတစ်ပုဒ်အရ Huawei P50 series ဖုန်းသစ်တွေနဲ့အတူ Huawei ဟာ တက်ဘလက်သစ်တစ်မျိုးကို ကြေညာသွားမယ်လို့ ဆိုပါတယ်။ Huawei MatePad သစ်ဟာ တက်ဘလက်တွေအတွက် အထူးဒီဇိုင်းထုတ်ထားတဲ့ PadOS Harmony Systems နဲ့ လာမယ်လို့လည်း ခန့်မှန်းထားပါတယ်။
HarmonyOS စနစ်ကို အခြေခံထားတဲ့ PadOS သစ်ကို သုံးမယ်ဆိုတဲ့ သတင်းကြောင့် HMS ဂေဟစနစ် အဆင့်မြှင့်တင်မှုကလည်း စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။ Huawei ဟာ လာမယ့် ၂၀၂၁ ခုနှစ်ထဲမှာ ထွက်မယ့် စမတ်ဖုန်းတွေကိုလည်း HarmonyOS စနစ် သုံးသွားမှာပါ။ PadOS သစ်အကြောင်းကတော့ သတင်းသစ် ဖြစ်ပါတယ်။
Photo: howtogeek
Huawei MatePad သစ်ဟာ အလွန့်ကို ပါးလွှာတဲ့ Bezel ဘောင်တွေ သုံးထားပြီး ကင်မရာအတွက် Cut-outတို့ punch-hole အမျိုးအစားတို့ သုံးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဒီတော့ Under-display ကင်မရာအမျိုးအစား သုံးလာမလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ display ဟာ OLED screen အမျိုးအစား ဖြစ်ပြီး 120Hz refresh rate ပံ့ပိုးသွားမှာပါ။
screen size ၁၂.၉ လက်မ ဖြစ်ပြီး ပါးလွှာတဲ့ သတ္တုကိုယ်ထည်နဲ့ လာဖို့ ရှိပါတယ်။ Chipset အနေနဲ့ Huawei Kirin 9000 Series သုံးလာဖို့ ခန့်မှန်းထားပါတယ်။ Huawei MatePad သစ်ကို နောက်နှစ် Huawei P50 series တွေ မိတ်ဆက်မယ့် ၂၀၂၁ ပထမသုံးလပတ်မှာ စောင့်ကြည့်ရမှာပါ။