မြန်မာနိုင်ငံက ယခုနှစ်ဆောင်းရာသီမှာ လာနီညာရာသီဥတုကို ခံစားရမှာဖြစ်ပြီး ပုံမှန်ရာသီဥတုကို ရောက်ရှိဖို့အတွက် ရှစ်လခန့်ကြာမြင့်နိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကနေရပါတယ်။
လာနီညာရာသီဥတုက ဒီဇင်ဘာနောက်ဆုံးပတ်နဲ့ ဇန်နဝါရီမှာ အမြင့်ဆုံးအခြေအနေမှာရှိနေမှာဖြစ်ပြီး ဇွန်လလောက်မှာတော့ အားလျော့သွားမှာဖြစ်တယ်လို့ သုံးသပ်ထားပါတယ်။
"လာနီညာက အီကွေတာပစိဖိတ်ဆိုတော့ ဂျပန်တို့ ၊ ဖိလစ်ပိုင်တို့ သြစတေးလျတို့ ၊ တောင်အမေရိက ဘက်က ကြည့်မယ်ဆို ပီရူးတို့ ၊ မြောက်အမေရိကဆို အမေရိကန်တို့ ဒီနေရာတွေက ပိုသက်ရောက်တယ် ။ ကျွန်တော်တို့ဘက်ရောက်တာက သူတို့ဘက်က အမြင့်ဆုံးအခြေအနေကနေ ပြန်ကျတဲ့ အနေအထားမှာမှ ဒီဘက်ကို တိုးဝင်လာတဲ့ အနေအထားဖြစ်တယ် ။ မိုးလေဝသမှာ တာဝေးဆက်နွယ်မှုအရ သက်ရောက်မှုရှိတာပေါ့ ။ သူတို့ဆီမှာက ခရစ္စမတ်ကာလမှာ ပိုပြီး အမြင့်ဆုံးရောက်တယ် ။ ဒီဇင်ဘာလမှာ အမြင့်ဆုံးရောက်တယ် ။ နိုဝင်ဘာလမှာ ရောက်တဲ့နှစ်တွေလည်း ရှိတယ်။ ဒီဇင်ဘာမှရောက်ပြီး ဒီဇင်ဘာ ဇန်နဝါရီ ၊ ပြီးရင်တော့ ဖေဖော်ဝါရီဆို ပြန်ကျပြီး ပုံမှန်ရာသီဥတုဘက်ကို သွားတာရှိတယ်။အယ်နီညို လာနီညာတွေရဲ့ သက်တမ်းက ၇လကနေ ၁၈လအထိ ကြာတတ်တယ် ။ အခုလာနီညာကတော့ ၇လ ၈လ ၊ မိုးရာသီကာလလောက်အထိရှိပြီး မိုးရာသီဆိုရင်တော့ ပုံမှန်ဘက်ကို ပြန်ရောက်လာနိုင်မယ်လို့ ခန့်မှန်းထားတယ် ။ မိုးလေဝသခန့်မှန်းချက်တွေကတော့ အပြောင်းအလဲရှိနိုင်ပါတယ်။ လက်ရှိခန့်မှန်းထားတာတော့ ဇွန်လောက်အထိတော့ လာနီညာရဲ့ ဖြစ်ပေါ်နိုင်တဲ့ ရာနှုန်းရှိတယ် " လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Duwun ကို ပြောပါတယ်။
လာနီညာရာသီဥတုဟာ အေးပြီးစိုစွတ်တဲ့ ရာသီဥတုဖြစ်ပြီး ပုံမှန်ဆောင်းတွင်းကာလမှာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်းနဲ့ မုန်တိုင်း ဖြစ်ပေါ်လေ့မရှိပေမယ့် လာနီညာရာသီဥတုမှာတော့ ဖြစ်ပေါ်နိုင်တယ်လို့ သိရပါတယ်။
" မှတ်တမ်းတွေအရ လာနီညာဖြစ်တဲ့နှစ်တွေမှာ လာနီညာရဲ့ အင်အားအပေါ်မူတည်ပြီး သက်ရောက်မှု ရှိတယ်။ သူက အေးပြီးစိုစွတ်တဲ့သဘောဖြစ်လို့ ဆောင်းကာလတွေမှာ အေးတယ် ။ မိုးရွာသွန်းမှုဖြစ်တယ်။ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်မှာ ဆောင်းကာလမှာ ပုံမှန်နှစ်တွေဆို လေဖိအားနည်းရပ်ဝန်းတွေ မုန်တိုင်းတွေက မဖြစ်တော့ဘူး။ဒါပေမယ့် လာနီညာဖြစ်တဲ့နှစ်ဆိုရင် လေဖိအားနည်းရပ်ဝန်းလေးတွေ ၊ မုန်တိုင်းလေးတွေ ဖြစ်တတ်တယ် " လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက Duwun ကို ပြောပါတယ်။
၂၀၂၀ခုနှစ်အတွက် လာနီညာရာသီဥတုကိုတော့ အားကောင်းတဲ့ရာသီဥတုဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ် အပါအဝင် နိုင်ငံတကာ မိုးလေဝသစင်တာကြီးများဖြစ်တဲ့ နာဆာ ၊ နိုဝါ နဲ့ ဂျပန်နိုင်ငံမိုးလေဝသအေဂျင်စီ ၊ သြစတေးလျက မိုးလေဝသအေဂျင်စီတို့က ခန့်မှန်းထားတယ်လို့ သိရပါတယ်။