ခရစ်စမတ်ကာလ ဈေးဝယ်ထွက်မှုတွေကြောင့် ထိတွေ့မှု သိသာစွာ ပိုများလာမယ်လို့ ဂျာမန်အဓိပတိ မာကယ်လ်က ပြောပါတယ်။

COVID-19 ကူးစက်မှုနဲ့ သေဆုံးမှုတွေ စံချိန်တင်အရေအတွက် မြင့်တက်လာခဲ့တဲ့ ဂျာမနီမှာ တစ်နိုင်ငံလုံးကို ခရစ်စမတ်နဲ့ နှစ်သစ်ကူးကာလ ရက်များအပါအဝင် တစ်လနီးပါးကြာ တင်းကျပ်ပြင်းထန်တဲ့ lockdown သတ်မှတ်သွားမယ်လို့ ဂျာမန်အဓိပတိ အန်ဂျလာမာကယ်လ်က ဒီဇင်ဘာ ၁၃ ရက်နေ့မှာ ပြောပါတယ်။

(ဂျာမန်အဓိပတိ အန်ဂျလာမာကယ်လ်) (Photo: Getty Images)

ဂျာမနီရဲ့ ကူးစက်မှုလှိုင်းကို ထိန်းချုပ်ရန်ကြိုးပမ်းမှုအဖြစ် lockdown သတ်မှတ်ဆောင်ရွက်ရန် ပြည်ထောင်စုနဲ့ ပြည်နယ် ၁၆ ခုရဲ့ အစိုးရတွေက သဘောတူညီခဲ့ကြကြောင်း သိရပါတယ်။ လာမယ့် ဗုဒ္ဓဟူးနေ့ (ဒီဇင်ဘာ ၁၆ ရက်) မှစပြီး ဇန်နဝါရီ ၁၀ ရက်အထိ ဂျာမနီကို lockdown သတ်မှတ်ထားမှာ ဖြစ်ပါတယ်။ Lockdown အစီအမံအရ ဂျာမနီနိုင်ငံတစ်ဝန်း မရှိမဖြစ် မဟုတ်တဲ့ ဈေးဆိုင်များကို ပိတ်ထားမယ်လို့ သိရပါတယ်။



ထို့အတူ စာသင်ကျောင်းတွေကိုလည်း lockdown ကာလအတွင်း ပိတ်ထားရန်လည်း သဘောတူညီခဲ့ကြတယ်လို့ ဆိုပါတယ်။ ခရစ်စမတ်ကာလ ဈေးဝယ်ထွက်မှုတွေကြောင့် လူတွေကြား ထိတွေ့မှု သိသာစွာ ပိုများလာမယ်လို့ ဂျာမန်အဓိပတိ မာကယ်လ်က ပြောခဲ့ပါတယ်။ ဂျာမနီမှာ နောက်ဆုံးထုတ်ပြန်တဲ့ COVID-19 အချက်အလက်တွေအရ ကူးစက်ခံရသူ ၂၀,၂၀၀ ဦးနဲ့ သေဆုံးသူ ၃၂၁ ဦး တိုးလာခဲ့ကြောင်း သိရပါတယ်။

(Photo: EPA)

ဂျာမနီရဲ့ လက်ရှိ ကူးစက်မှုလှိုင်းကို ထိန်းချုပ်နိုင်ရေး အလျင်အမြန် အရေးယူဆောင်ရွက်ရန် အရေးတကြီး လိုအပ်ကြောင်း lockdown အစီအစဥ်ကို ကြေညာခဲ့စဥ် မာကယ်လ်က ပြောပါတယ်။ ဂျာမနီမှာ စားသောက်ဆိုင်များ၊ ဘားဆိုင်များနဲ့ အပန်းဖြေစင်တာများကို နိုဝင်ဘာလကတည်းက ပိတ်ထားခဲ့ပြီး နိုင်ငံရဲ့ နေရာဒေသအချို့မှာ ၎င်းတို့ကိုယ်ပိုင် lockdown အစီအမံများ သတ်မှတ်ထားခဲ့ပါတယ်။

ဂျာမနီတစ်နိုင်ငံလုံးကို lockdown သတ်မှတ်မယ့် အစီအစဥ်အရ အစားအစာရောင်းတဲ့ မရှိမဖြစ် ဆိုင်များနဲ့ ဘဏ်များကိုတော့ ဆက်လက် ဖွင့်ထားမယ်လို့ ဆိုပါတယ်။ ခရစ်စမတ်သစ်ပင် အရောင်းဆိုင်တွေကိုလည်း ဆက်လက် ရောင်းချခွင့်ပြုထားမှာဖြစ်ပြီး ဆံပင်ညှပ်ဆိုင်တွေကိုတော့ ပိတ်ထားရမှာ ဖြစ်ပါတယ်။ Lockdown ကာလအတွင်း ကုမ္ပဏီတွေအနေနဲ့ ဝန်ထမ်းတွေကနေ အိမ်ကနေ အလုပ်လုပ်ခွင့်ပြုရန် ဂျာမန်အာဏာပိုင်တွေက တိုက်တွန်းခဲ့ပါတယ်။ ပြုစုစောင့်ရှော‌က်ရေးဂေဟာတွေမှာ COVID-19 စစ်ဆေးမှု မဖြစ်မနေ လုပ်ဆောင်ရန် သတ်မှတ်ထားပါတယ်။

(Photo: EPA)

နှစ်သစ်ကူးကြိုဆိုပွဲ အခမ်းအနားတွေနဲ့ မီးရှူးမီးပန်းများ ရောင်းချမှုတွေကိုလည်း ပိတ်ပင်ထားမှာ ဖြစ်ပါတယ်။ ထို့အတူ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ အရက်သောက်ခြင်း၊ ဝိုင်အရောင်းကောင်တာငယ်များ ဖွင့်လှစ်ခြင်းတို့ကိုလည်း တားမြစ်ထားပါတယ်။ Lockdown သတ်မှတ်ဆောင်ရွက်မှုအရ ထိခိုက်ဆုံးရှုံးမှုရှိတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ တစ်လလျှင် အစိုးရအထောက်အပံ့ ယူရို ၅၀၀,၀၀၀ (အမေရိကန်ဒေါ်လာ ၆၀၅,၀၀၀) အထိရရှိမယ်လို့ ဂျာမနီ ဘဏ္ဍာရေးဝန်ကြီး Olaf Scholz က ပြောပါတယ်။

ဂျာမနီ lockdown အစီအမံအရ အိမ်တစ်အိမ်မှာ အိမ်ထောင်စုနှစ်ခုမှ အများဆုံး လူငါးဦးအထိသာ စုရုံးခွင့်ပြုထားပါတယ်။ ထိုကန့်သတ်ချက်ကိုတော့ ဒီဇင်ဘာ ၂၄ ရက်မှ ၂၆ ရက်အထိ ဖြေလျှော့ပေးထားမှာဖြစ်ပြီး အိမ်ထောင်စုတစ်ခုက အခြား အိမ်ထောင်စုတွေမှ နီးစပ်တဲ့ မိသားစုဝင် အများဆုံးလေးဦးအထိ ဖိတ်ကြားနိုင်ကြောင်း သိရပါတယ်။ ဂျာမနီမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၁.၃ သန်းကျော်နဲ့ သေဆုံးသူ ၂၁,၇၈၇ ဦးရှိခဲ့ကြောင်း Robert Koch Institute က ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က