ဥပဒေကို ဆန့်ကျင်ပြီး နားလည်မှုနဲ့မလုပ်သင့်ဟုဆို

ရခိုင်ပြည်နယ်အတွင်းက ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့နေရာတွေအတွက် အမြန်ဆုံးပြန်ကျင်းပမှာကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လိုလားပြီး လွတ်လပ်ပြီး သန့်ရှင်းမျှတတဲ့ရွေးကောက်ပွဲဖြစ်နိုင်တဲ့ အခြေအနေ ရှိလာပါက ရွေးကောက်ပွဲ အမြန်ဆုံးလုပ်ဖို့ လိုလားကြောင်း ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်က ပြောဆိုလိုက်ပါတယ်။

ဒီဇင်ဘာ (၁၂) ရက်က နေပြည်တော်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ပါတီဗဟိုရုံးချုပ် (ယာယီ)မှာ ပြုလုပ်တဲ့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးအပြီး သတင်းမီဒီယာတွေရဲ့ အမေးကို ဒေါက်တာမျိုးညွှန့်က ပြန်လည်ဖြေကြားခဲ့တာပါ။ ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ မဲဆန္ဒနယ်မြေတွေမှာ ရွေးကောက်ပွဲပြန်လည်ကျင်းပဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သဘောထားကို သတင်းမီဒီယာတွေက မေးမြန်းစဉ် ဒေါက်တာမျိုးညွန့်က အခုလို ပြောခဲ့ပါတယ်။



“ ရွေးကောက်ပွဲတစ်ခုရဲ့အသက်ဟာ လွှတ်လပ်ပြီးသန့်ရှင်းမျှတမှုက အသက်ပါ။ ရွေးကောက်ပွဲလုပ်ရုံမျှနဲ့ ဒါဟာဒီမိုကရေစီနည်းကျပြီ ပြောလို့မရပါဘူး။ အဲဒီတော့ လွှတ်လပ်ပြီးသန့်ရှင်းမျှတတဲ့ ရွေးကောက်ပွဲဖြစ်နိုင်တဲ့အခြေအနေရှိလာပြီ။ ဥပဒေနဲ့လည်း ညီညွှတ်ပြီဆိုရင် အမြန်ဆုံးလုပ်တာ ကျွန်တော်တို့ လိုလားပါတယ်။” လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဒေါက်တာမျိုးညွန့်က ဆိုပါတယ်။

ဒါ့အပြင် ပါတီအနေနဲ့ ရခိုင်ပြည်နယ်က ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့နေရာတွေအတွက် အမြန်ဆုံးပြန်ကျင်းပမှာကို လိုလားပေမယ့်လည်း ရွေးကောက်ပွဲတည်ဆဲဥပဒေတွေကို ဆန့်ကျင်ပြီး နားလည်မှုနဲ့လုပ်တာမျိုးမဖြစ်သင့်ဘူးလို့လည်း ဒေါက်တာမျိုးညွန့် ကဆက်လက်ပြောကြားခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလကုန်ပိုင်းလောက်က လာရောက်ခဲ့တဲ့ဂျပန်နိုင်ငံအစိုးရရဲ့ အထူးကိုယ်စားလှယ်မစ္စတာ ယိုဟီဆာဆာကာဝါရဲ့ မြန်မာနိုင်ငံခရီးစဉ်အတွင်း ရခိုင်ပြည်နယ်တွင်းက ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ မြို့နယ် (၉)မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်တဲ့အခြေအနေရှိကြောင်း၊ ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံရာမှာလည်း ရွေးကောက်ပွဲကျင်းပစေလိုကြောင်း ကွင်းဆင်းလေ့လာခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါ ကွင်းဆင်းလေ့လာချက်တွေအရ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲပြန်လည်ကျင်းပပေးဖို့ ဂျပန်အထူးကိုယ်စားလှယ်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားခဲ့ပေမယ့်လည်း အဖြေမရရှိခဲ့ဘူးလို့လည်း ဒီဇင်ဘာ (၄) ရက်က ရန်ကုန်မြို့ Melia Hotel မှာ ပြည်တွင်းသတင်းမီဒီယာနှစ်ခုနဲ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် ထည့်သွင်းပြောကြားထားခဲ့တယ်လို့လည်း သိရပါတယ်။ 

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲမကျင်းပနိုင်ခဲ့တဲ့ နယ်မြေတွေမှာ ကြားဖြတ်ရွေးကောက်ပွဲကျင်းပပေးဖို့ကိုလည်း အစိုးရနဲ့ တပ်မတော်ကို မေတ္တာရပ်ခံတယ်လို့ AA အဖွဲ့ က တောင်းဆိုထားပြီး တပ်မတော်အနေနဲ့လည်း အတတ်နိုင်ဆုံးညှိနှိုင်းဆောင်ရွက်သွားမယ်လို့လည်း နိုဝင်ဘာ (၁၂) ရက်က သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ (၈) ရက် ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်က မြို့နယ် (၉) မြို့နယ်အပါအဝင်၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်း၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်အတွင်းက နယ်မြေအချို့မှာ ရွေးကောက်ပွဲကျင်းပနိုင်မှာမဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အောက်တိုဘာ (၁၆) ရက်က သတင်းထုတ်ပြန် ကြေညာထားပါတယ်။

Share

Loading Next Article...
က္က