ဝန်ထမ်းတွေအနေနဲ့ ဝင်ငွေခွန်ကို ဘာ့ကြောင့်ဆောင်ရတာလဲ၊ ဘယ်လိုဆောင်ရတာလဲ နဲ့ ဘယ်လိုသတ်မှတ်ချက်တွေရှိပြီး အခွန်ဆောင်ရတဲ့နောက်ပိုင်းမှာ ဘယ်လိုအကျိူးခံစားခွင့်တွေ ရမှာလဲ စတဲ့ မေးခွန်းတွေ ရှိနေကြမှာပါ။ ဒီနေ့တော့ ဝန်ထမ်းတိုင်း သိချင်နေကြတဲ့ ဝင်ငွေခွန်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကုိ ပြောပြပေးချင်ပါတယ်။
ဝင်ငွေခွန်ဆိုတာဘာလဲ
နိုင်ငံတွင်းနေထိုင်ပြီး ဝင်ငွေရရှိတဲ့နိုင်ငံသားတိုင်း ဝင်ငွေခွန်ကို ဆောင်ကြရပါတယ်။ ဝင်ငွေခွန်မှာ ဝန်ထမ်းရဲ့ လစာအပါအဝင် မြေဌားရမ်းတာ ၊အိမ်၊အခန်း၊အဆောက်အဦးငှားရမ်းတာ ၊ ကုန်သွယ်ရောင်းဝယ်တာစတာတွေကနေ ဝင်ငွေရရှိလာခဲ့ရင်လည်း ဝင်ငွေခွန်ဆောင်ကြရပါတယ်။မည်သူမဆို အလုပ်ရှင်ထံမှ မိမိရရှိတဲ့ ဒါမှမဟုတ် ရရန်ရှိတဲ့ လစာ၊ လုပ်ခ၊ နှစ်စဉ်ကြေး၊ ဆုကြေး၊ ချီးမြှင့်ငွေ၊ လစာနှင့် လုပ်ခအပြင် ထပ်ဆောင်းရရှိတဲ့ အခကြေးငွေ၊ ကော်မရှင်စတာတွေ အတွက် လစာခေါင်းစဉ်နဲ့ အခွန်ထမ်းဆောင်ရမှာပဲ ဖြစ်ပါတယ်။
ဝင်ငွေခွန်ကို ဘယ်လိုပေးဆောင်ကြရမှာလဲ
ဝန်ထမ်းတစ်ယောက်အနေနဲ့ နှစ်တစ်နှစ်အတွင်းမှာ လစာဝင်ငွေ ကျပ် ၄၈သိန်းအထက် ရရှိပြီဆိုရင် ဝင်ငွေခွန်ဆောင်ရမှာဖြစ်ပါတယ်။ ဆိုလိုတာက တစ်လကို ၄သိန်းအောက်သာ ရရှိတဲ့သူတွေအနေနဲ့ ဝင်ငွေခွန်ပေးဆောင်စရာမလိုဘဲ တစ်လကို ၄သိန်းအထက် ရရှိသူတွေကတော့ဝင်ငွေခွန်ပေးဆောင်ရမှာဖြစ်ပါတယ်။
တစ်နှစ်အတွင်း သိန်း ၅၀ ထိ ရရှိသူအနေနဲ့ ဝင်ငွေခွန် ၅ရာခိုင်နှုန်း
တစ်နှစ်အတွင်း သိန်း ၁၀၀ ထိ ရရှိသူအနေနဲ့ ဝင်ငွေခွန် ၁၀ရာခိုင်နှုန်း
တစ်နှစ်အတွင်း သိန်း ၂၀၀ ထိ ရရှိသူအနေနဲ့ ဝင်ငေွခွန် ၁၅ ရာခိုင်နှုန်း
တစ်နှစ်အတွင်း သိန်း ၃၀၀ ထိ ရရှိသူအနေနဲ့ ဝင်ငွေခွန် ၂၀ ရာခိုင်နှုန်း
တစ်နှစ်အတွင်း သိန်း ၃၀၀ အထက် ရရှိသူအနေနဲ့ ဝင်ငွေခွန် ၂၅ရာခိုင်နှုန်း
စသဖြင့် အသီးသီးပေးဆောင်ရတာဖြစ်ပါတယ်။
တစ်လကို ၄သိန်းအောက်သာ ရရှိတဲ့သူတွေအနေနဲ့ ဝင်ငွေခွန်ပေးဆောင်စရာမလိုဘဲ တစ်လကို ၄သိန်းအထက် ရရှိသူတွေကတော့ဝင်ငွေခွန်ပေးဆောင်ရမှာဖြစ်ပါတယ်။
ဝင်ငွေခွန် သက်သာခွင့်များ
အထက်က ပြောထားတဲ့ ရာခိုင်နှုန်းတွေအလိုက် ပေးဆောင်ရတယ်ဆိုသော်ငြားလည်း သက်သာခွင့်တွေလည်း ရှိနေပါတယ်။ ဘယ်လိုလူတွေကသက်သာခွင့် ခံစားရသလဲဆိုတာကို ပြောပြပေးချင်ပါတယ်။
အခြေခံသက်သာခွင့်
စုစုပေါင်းဝင်ငွေရဲ့ ၂၀ ရာခိုင်နှုန်းကို အခြေခံ သက်သာခွင့်အဖြစ် သတ်မှတ်ပေးထားပါတယ်။ ဒါပေမယ့်လည်း အဲဒီ ဝင်ငွေ ၂၀ ရာခိုင်နှုန်းဟာကျပ်သိန်း ၁၀၀ ထက်တော့ ပိုလို့မရပါဘူး၊ ကျပ်သိန်း ၁၀၀ ထက် ပိုသွားပြီဆိုရင် အခြေခံသက်သာခွင့်အဖြစ် ရရှိတော့မှာ မဟုတ်တော့ပါဘူး။
အတူနေမိဘအတွက် သက်သာခွင့်
ဝင်ငွေခွန်ဆောင်ရမယ့် ဝန်ထမ်းတွေအနေနဲ့ အတူနေမိဘတွေရှိနေခဲ့မယ်ဆိုရင်လည်း အဲဒီမိဘတွေအတွက် သက်သာခွင့်ကို ရရှိမှာဖြစ်ပါတယ်။ အတူနေမိဘတစ်ဦးရှိသူအနေနဲ့ ကျပ် ဆယ်သိန်း သက်သာခွင့်ရရှိမှာဖြစ်ပြီး အတူနေမိဘနှစ်ဦးစလုံးရှိသူတွေအနေနဲ့တော့ သိန်းနှစ်ဆယ် သက်သာခွင့်ရရှိမှာဖြစ်ပါတယ်။
အိမ်ထောင်ဖက်အတွက် သက်သာခွင့်
အိမ်ထောင်ဖက်ရှိသူတွေကလည်း ဝင်ငွေခွန် သက်သာခွင့်ရရှိမှာဖြစ်ပါတယ်။ အိမ်ထောင်ရှိသူတွေအနေနဲ့တော့ ကျပ်၁၀ သိန်း သက်သာခွင့်ရရှိမှာပါ။
သားသမီးအတွက် သက်သာခွင့်
အိမ်ထောင်သည်ဖြစ်ပြီး သားသမီးရှိသူဖြစ်ပါကလည်း သားသမီးအတွက် သက်သာခွင့်ကို ရရှိမှာပါ။ သားသမီးတစ်ဦးစီအတွက် ၅သိန်းသက်သာခွင့်ရမှာဖြစ်ပါတယ်။
ဝင်ငွေခွန်ဆောင်ခြင်းကြောင့် ရရှိနိုင်မယ့် အကျိုးခံစားခွင့်
ဝင်ငွေခွန်ဆောင်ထားတဲ့အတွက် ရရှိတဲ့ အကျိုးကျေးဇူးတွေကတော့ သက်ဆိုင်ရာအခွန်ရုံးမှာ ပေးဆောင်ထားတဲ့ ဝင်ငွေခွန်နဲ့ ညီမျှတဲ့ ငွေဖြူစာရင်းဝင်သွားမှာဖြစ်ပါတယ်။ သက်ဆိုင်ရာ မြို့နယ်အခွန်ရုံးမှာ ဆောင်ထားတဲ့ ဝင်ငွေခွန်အလိုက် ငွေဖြူစာရင်းထုတ်ယူထားနိုင်ပါတယ်။ ရရှိလာတဲ့ငွေဖြူစာရင်းပေါ်မူတည်ပြီး အိမ်၊ခြံ၊မြေ၊ကားစတဲ့ ပစ္စည်းတွေဝယ်ယူမယ်ဆိုရင် ကိုယ့်နာမည် နဲ့ ပိုင်ဆိုင်မှုအမည်ပေါက်ပြောင်းလို့ရပြီး ၊ ရာဖြတ်တန်ဖိုးအလိုက် Property Tax နဲ့ တံဆိပ်ခေါင်းခွန် ၄% ပေးဆောင်ရာမှာလည်း ငွေဖြူစာရင်းရှိပြီးသားထဲကနေ ပေးဆောင်ရမယ့် Property Tax ကို လျော့ပြီး ပေးဆောင်ရမှာပါ။ အခွန်ဆောင်ထားသူတွေအနေနဲ့ အိမ်၊ ခြံ၊ မြေ ၊ ကားတွေ ဝယ်ယူရာမှာ ပေးဆောင်ခဲ့တဲ့ ဝင်ငွေခွန်ချလန်ဖြတ်ပိုင်းမူရင်းတွေနဲ့ တံဆိပ်ခေါင်းခွန် ပေးသွင်းပြီး မြို့နယ်အခွန်ဦးစီးဌာနရုံးမှာ အရောင်းအဝယ် စာချုပ်ချုပ်ဆိုဖို့ တံဆိပ်ခေါင်းထုတ်ယူနိုင်ပါတယ်။ ဒါ့ကြောင့် ကိုယ် ပေးဆောင်နေတဲ့ ဝင်ငွေခွန် ကနေ ရရှိလာတဲ့ ငွေဖြူတွေကို ပြန်လည် အသုံးချတတ်ဖို့ လိုအပ်ပါတယ်။
ဒီလို ပေးဆောင်ထားတဲ့ ဝင်ငွေခွန်ကနေ ရရှိလာတဲ့ ငွေဖြူတွေကို လိုအပ်တဲ့ အခြေခံပစ္စည်းတွေ ဝယ်ယူရာမှာ အခွန်သက်သာခွင့်ပြန်လည်ရရှိနိုင်သလို တစ်ဖက်ကလည်း နိုင်ငံသားတစ်ယောက်အနေနဲ့ အခွန်ဆောင်ဖို့လိုအပ်ပါတယ်။ များသောအားဖြင့်တော့ ဝင်ငွေခွန်ဆောင်တာတွေကို အလုပ်မှာ HR Department ကဆောင်ရွက်ပေးကြတာဖြစ်ပေမယ့်လည်း ဝန်ထမ်းတွေအနေနဲ့ ကိုယ်ပေးဆောင်နေရတဲ့ ဝင်ငွေခွန်အကြောင်းကို သိထားဖို့ လိုအပ်ပါတယ်။
ဆက်လက်ပြီး အလုပ်သမားတိုင်း ရပိုင်ခွင့်အမြောက်အမြားရရှိစေတဲ့ လူမှုဖူလုံရေးအာမခံစနစ် နဲ့ အလုပ်ထုတ်ခံရသော ဝန်ထမ်းတစ်ယောက် ရရှိသင့်တဲ့ နစ်နာကြေးနဲ့ ရပိုင်ခွင့်များ မှာ ဆက်လက်လေ့လာနိုင်ပါတယ်။
အလုပ်ရှာဖွေနေသူတွေ အနေနဲ့လည်း ttps://bit.ly/37vC28t မှာ တိုက်ရိုက် အလုပ်လျှောက်ထားနိုင်ပါတယ်။