ကြိုတင်မဲကောက်ခံတဲ့လုပ်ငန်းစဉ်ရဲ့ တရားမဲ့ပြုကျင့်မှုတွေကို ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)က ရွေးကောက်ပွဲကော်မရှင်အဆင့်ဆင့်ဆီ ကန့်ကွက်တင်ပြထားပေမယ့် ကော်မရှင်အသီးသီးက တာဝန်ယူမှု ၊ တာဝန်ခံမှု နဲ့ ဖြေရှင်းဆောင်ရွက်မှုတွေကို မရှိသေးဘူးလို့ ပါတီက အိတ်ဖွင့်ပေးစာပေးပို့ထားပါတယ်။
လက်ရှိမှာ ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတွေရဲ့ ဒီလိုတိုင်ကြားမှုတွေကို မတုန့်ပြန်သေးပေမယ့်လည်း ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ လမ်းပေါ်ထွက်လာမှာတော့ မဟုတ်ဘူးလို့ ပါတီဥက္ကဌ ဒေါက်တာသက်သက်ခိုင်က Duwun ကို ပြောပါတယ်။
" UEC က အကြောင်းမပြန်တာကို မပြန်ကြောင်း ပြည်သူလူထုကို သိစေချင်တာ ။ နိုင်ငံရေးပါတီတွေ အပါအဝင် ပြည်သူလူထုအားလုံးကို သိစေချင်တာပါ။ကြိုတင်မဲပေးတဲ့အချိန်မှာ တရားမဲ့ပြုကျင့်မှုတွေ ဖြစ်ခဲ့တယ်။အဲဒါကို သက်သေအထောက်အထားနဲ့ အချိန်နဲ့တပြေးညီတင်တယ်။ဒီနေ့အထိ အကြောင်း ပြန်ကြားခြင်းမရှိဘူး။ UEC သဘောကတော့ လုပ်ပိုင်ခွင့်ရှိတာ ငါလုပ်ချင်တာလုပ်မယ်ဆိုတဲ့ သဘောတော့ သက်ရောက်တယ်။ဆန္ဒဖော်ထုတ်တာတွေ ဘာတွေတော့ မလုပ်ပါဘူး။ကျွန်မတို့ အဲဒီလို လမ်းပေါ်ထွက်တဲ့ နိုင်ငံရေးတော့ ကျွန်မတို့မလုပ်ဘူး " လို့ PPP ပါတီဥက္ကဌ ဒေါက်တာသက်သက်ခိုင်က Duwun ကို ပြောပါတယ်။
ဓာတ်ပုံ-ကျော်ဇင်မန်း( ရွေးကောက်ပွဲတရားမဲ့ပြုကျင့်မှုတွေကို နိုဝင်ဘာလ ၄ရက်က ပြည်သူ့ရှေ့ဆောင်ပါတီရုံးမှာ မီဒီယာမျာကို ရှင်းလင်းတင်ပြစဉ်)
ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)က ရွေးကောက်ပွဲရလဒ်ကို အငြင်းမပွားလိုပေမယ့် ရွေးကောက်ပွဲတိုင်းကို ဥပဒေနဲ့အညီ လွတ်လပ်ပြီးတရားမျှတစေဖို့ ၊ တရားမဲ့ပြုကျင့်မှုတွေကို အစဉ်အလာမဖြစ်စေဖို့ ၊ ဒီမိုကရေစနစ်ရှင်သန်ဖို့ နိုင်ငံရေးပါတီတစ်ခုအနေနဲ့ ထိန်းကျောင်းရန် တာဝန်ရှိတယ်လို့ ယူဆကြောင်း ပါတီရဲ့ အိတ်ဖွင့်ပေးစာမှာ ရေးသားခဲ့ပါတယ်။
ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ အိတ်ဖွင့်ပေးစာမှာတော့ အသက်၆၀အထက် ကြိုတင်မဲကောက်ခံတဲ့ ဖြစ်စဉ်မှာ ဥပဒေနဲ့မညီတဲ့ မဲဆွယ်စည်းရုံးမှုတွေနဲ့ တရားမဲ့ပြုကျင့်မှုတွေ ရန်ကုန်တိုင်း အပါအဝင် တခြားတိုင်းနဲ့ပြည် နယ်က မြို့နယ်အချို့မှာပါ တွေ့ရှိတဲ့အတွက် အောက်တိုဘာလ ၂၉ရက်ကနေ နိုဝင်ဘာလ ၂ရက်အထိ ၃၈မှုကို ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် မဲပေးခြင်းလုပ်ငန်းစဉ်နဲ့ပတ်သက်တဲ့ တရားမဲ့ပြုကျင့်မှုတွေကို ဥပဒေနဲ့အညီကန့်ကွက်ခဲ့တဲ့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ တာဝန်ယူမှု ၊ တာဝန်ခံမှုနဲ့ တုန့်ပြန်ဆောင်ရွက်မှုတွေ ၊ ပြန်ကြားမှုတွေကို စောင့်မျှော်လျက်ရှိတယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီက ဒီဇင်ဘာလ ၁၆ရက် ရက်စွဲနဲ့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့တာ ဖြစ်ပါတယ်။