မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဇန်နဝါရီ (၁၅) ရက်မှာ တရားရုံးကို လာရောက်ရမှာပါ။

ဗစ်တိုးရီးယားအမှုမှာ နစ်နာခဲ့တဲ့ ကိုအောင်ကြီးအနေနဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကိုတရားစွဲဆိုထားမှု အဆိုလွှာကို နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးက စိစစ်လက်ခံလိုက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ငြင်းချက်သမ္ဗာန်စာထုတ်ဖို့ အမိန့်ချမှတ်လိုက်တယ်လို့ ကိုအောင်ကြီးဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောလိုက်ပါတယ်။

“ တရားမမှုတွေရဲ့ ထုံးစံက ငြင်းချက်သမ္ဗာန်စာဆိုတာ တစ်ဖက်ကို ထုတ်ရတယ်။ အဲဒီလိုထုတ်တဲ့အခါမှာ အဆိုလွှာနဲ့ တွဲပြီးတော့ ထုတ်ရတယ်။ ပြီးတော့မှ ငြင်းဆိုမယ်ဆိုရင် ကိုယ်တိုင်သော်လည်းကောင်း ၊ ကိုယ်စားလှယ် သော်လည်းကောင်း၊ ရှေ့နေသော်လည်းကောင်း ချေပလွှာတင်ပါဆိုပြီးတော့ ငြင်းချက်သမ္ဗာန်စာထုတ်ရတယ်။ အဲဒါထုတ်ဖို့ အခုအမိန့်ချမှတ်လိုက်တာပါ။” လို့ တရားလွှတ်တော်ရှေ့နေဦးခင်မောင်ဇော်က ပြောပါတယ်။



ဒါကြောင့် တရားစွဲဆိုခံထားရတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဇန်နဝါရီ (၁၅) ရက်မှာ တရားရုံးကို လာရောက်ပြီး သဘောထားတင်ပြကာ ချေပလွှာတင်ရမှာဖြစ်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။  

“အခုက ရဲချုပ်ကို ဦးတည်ပြီးထုတ်တာ။ ဘယ်သူလာမလဲတော့မသိဘူး။ ကျွန်တော်တို့ စွဲထားတာက မြန်မာနိုင်ငံရဲတပ်ဖွဲ့ သူ့ရဲ့ ဦးစီးဦးဆောင်က ရဲချုပ်ဆိုတော့ ရဲချုပ်က လာရမှာပေါ့။ သူကတော့ တစ်ယောက်ယောက်ကို တာဝန်ပေးမှာပေါ့။ ဘယ်လိုပဲဖြစ်ဖြစ် သူလာမယ်။ သူလာမ့ယ့်နေ့က ဇန်နဝါရီ (၁၅) ရက် ။ အဲဒီနေ့မှာ ချေပလွှာပါလာရင်တင်ရမယ်။ မပါလာရင်လည်း နောက်ရုံးချိန်းပေ့ါ။ အဲဒီနေ့မှာသူမေးချင်တဲ့မေးခွန်းရှိရင်လည်း မေးမယ်ပေါ့ဗျာ။ မေးခွန်းလွှာတွေ တင်မှာပေါ့။” လို့ ဦးခင်မောင်ဇော်က ဆက်ပြောပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး တရားလို ကိုအောင်ကြီးက “ ဒီအမှုနဲ့ ပတ်သက်လို့ မျှော်မှန်းထားတာတော့ မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ အမှန်တရား အကုန်လုံးပေါ့ ။ ကျွန်တော်ရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်သလိုမျိုးပေါ့။ တစ်နှစ် အတွင်းမှာ သွားရ လာရတာ ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်မှုတော့ ဖြစ်သွားတာပေါ့။”လို့လည်း ဆိုပါတယ်။

ကိုအောင်ကြီးဟာ နေပြည်တော် Wisdom Hill မူကြိုကျောင်းရှိ ဗစ်တိုးရီးယားအမှုမှာ ကျုးလွန်သူလို့ စွပ်စွဲခံရပြီး (၆)လနီးပါး ဖမ်းဆီးချုပ်နှောင်ခံခဲ့ရပြီးတဲ့နောက် တရားရုံးက စစ်ဆေးကြားနာမှုတွေ အကြိမ်ကြိမ်ပြုလုပ်ခဲ့ပြီး အပြစ်မကျုးလွန်ကြောင်း လက်ခံယုံကြည်ရတာကြောင့် ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ တရားရှင်လွှတ်ပေးခဲ့တာပါ။ ဒီနောက် အမှုကနေ လွတ်မြောက်ပြီးတစ်နှစ်အကြာမှာ ကိုအောင်ကြီးဟာ သူရဲ့နစ်နာမှုနဲ့ထိခိုက်မှုတွေအတွက် သိန်း (၅,၀၀၀) ရလိုမှုနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို တရားစွဲဆိုလိုက်တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က