မန္တလေးမှာ နှစ်ပတ်ကြာထုတ်ပြန်ထားတဲ့ အသွားအလာကန့်သတ်တဲ့အမိန့်ညွှန်ကြားချက်နဲ့ အပြင်ထွက်ရင်ဒဏ်ရိုက်တဲ့ဆောင်ရွက်မှုတွေကို မန္တလေးအစိုးရက ဒီကနေ့ မှာပဲပယ်ဖျက်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီပိုင် နေ့စဉ်ထုတ်မန္တလေးနေ့စဉ်သတင်းစာကနေတစ်ဆင့် တရားဝင်ထုတ်ပြန်ကြေညာလိုက်တာပဲဖြစ်ပြီး အဲဒီကြေညာချက်ထဲမှာ ၎င်းတို့ရဲ့ ကိုဗစ်ကာလဆောင်ရွက်ခဲ့မှုအခြေအနေတွေနဲ့အတူပါရှိတာလည်းဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ သက်ဆိုင်ရာဌာနဆိုင်ရာတွေဆီဆက်သွယ်မေးမြန်းပေမယ့်လည်း တရားဝင်ပြန်လည်ဖြေကြားပေးတာမျိုးမရှိဘဲ သတင်းစာပါထုတ်ပြန်ချက် အတိုင်းသာဖြစ်တယ်လို့ ပြောပါတယ်။
မန္တလေးအစိုးရရဲ့ ဒီကနေ့မနက်ထုတ်ပြန်ကြေညာချက်ထဲမှာ တိုင်းဒေသကြီးအစိုးရအနေဖြင့် ထပ်မံမေတ္တာရပ်ခံပန်ကြားလိုတာကတော့ ၁၈.၁၂.၂၀၂၀ ရက်နေ့တွင် Stay at Home ဆောင်ရွက်ခြင်းလုပ်ငန်းနှင့် ဒဏ်တပ်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်တော့မည်မဟုတ်ပါ လို့ပါရှိတာဖြစ်ပြီး ဒီလိုပါရှိပေမယ့်လည်း တချို့မြို့နယ်လမ်းမကြီးတွေပေါ်မှာ တားဆီးစစ်ရေးအဖွဲ့တွေက တားဆီးစစ်ဆေးတာဒဏ်ရိုက်တာတွေရှိနေသေးတာကိုလည်းမြင်တွေ့နေရတယ်လို့ ဒေသခံတွေကဆိုပါတယ်။
ပုသိမ်ကြီးမြို့နယ်အပါအဝင် မြို့နယ် ၇ ခုနဲ့ဖွဲ့စည်းထားတဲ့ မန္တလေးခရိုင်မှာ အဆမတန်မြင့်တက်လာတဲ့ကိုဗစ်ရောဂါကူးစက်ဖြစ်ပွားမှုကြောင့် မန္တလေးအစိုးရက ဒါကိုထိန်းချုပ်နိုင်ဖို့အတွက်ဆိုပြိး ဒီဇင်ဘာလ ၅ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ မလိုအပ်ဘဲအပြင်မထွက်ဖို့တင်းကြပ်တဲ့အမိန့်ညွှွန်ကြားချက် အပါအဝင် ကန့်သတ်ချက် ၁၇ ချက်ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီထုတ်ပြန်ချက်ချက်အရ အမိန့်ညွှွန်ကြားချက်မလိုက်နာဘဲ အပြင်ထွက်သူတွေကို ဒဏ်ငွေငါးထောင်တပ်အရေးယူဆောင်ရွက်ခဲ့ရာမှာ ဒီဇင်ဘာလ ၅ ရက်နေ့က နေ ၁၅ ရက်နေ့အထိ ဒဏ်ရိုက်ခံရသူ တစ်သောင်းသုံးထောင်နှစ်ရာကျော်ရှိတယ်လို့ သိရပါတယ်။