မြန်မာနိုင်ငံ၏ အထင်ကရဘဏ်တစ်ခုဖြစ်သော ရိုးမဘဏ်နှင့် Facebook ၏ တရားဝင်ကိုယ်စားလှယ်ဖြစ်သော Httpool တို့က မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအတွက် Digital Literacy (ဒီဂျစ်တယ် နည်းပညာ သိရှိနားလည်မှု) ဆိုင်ရာ ပညာပေးဟောပြောပွဲ အခမ်းအနားတစ်ခုကို ဒီဇင်ဘာလ ၁၇ရက်နေ့တွင် အွန်လိုင်းမှ ကျင်းပပြုလုပ်ခဲ့သည်။ 

ပုံမှန်အားဖြင့် မြန်မာနိုင်ငံရှိ အင်တာနက်သုံးစွဲသူအများစုမှာ လူမှုကွန်ရက် အသုံးပြုခြင်းနှင့် အွန်လိုင်းမှ တိုက်ရိုက်ဗီဒီယို ကြည့်ရှုခြင်းများကိုသာ အဓိကထား ပြုလုပ်လေ့ရှိကြသည်။ အင်တာနက်သုံးစွဲမှုနှင့် သုံးစွဲနိုင်သည့်အခြေအနေမှာ တစ်စတစ်စ တိုးတက်လာသော်လည်း သုံးစွဲသူအများစုသည် ဒီဂျစ်တယ် သို့မဟုတ် မိုဘိုင်းလ်ဘဏ်စနစ်များနှင့် ရင်းနှီးကျွမ်းဝင်မှု နည်းပါးကြသည်။ ထိုသို့ ဖြစ်ရခြင်းမှာ သုံးစွဲသူများအနေဖြင့်  "ဒီဂျစ်တယ်နည်းပညာ သိရှိနားလည်မှု" နှင့် လက်တွေ့အသုံးချနိုင်မှုတွင် အားနည်းခြင်းတို့ကြောင့် ဖြစ်သည်။

အကျိုးဆက်အနေဖြင့် ဒီဂျစ်တယ်ငွေကြေးဝန်ဆောင်မှုများကို တွင်ကျယ်စွာ အသုံးပြုနိုင်စေရန် အကောင် အထည်ဖော် လုပ်ဆောင်ရာတွင် အကန့်အသတ်များ ဖြစ်ပေါ်စေလျက်ရှိသည်။ ထို့အတွက်ကြောင့် ရိုးမဘဏ် အနေဖြင့် အသေးစား နှင့် အလတ်စား စီပွားရေးလုပ်ငန်းများ အတွက် Digital Literacy ဆိုင်ရာ အွန်လိုင်း ပညာပေး ဟောပြောပွဲ အခမ်းအနားတစ်ခုကို Httpool နှင့် ပူးပေါင်းကျင်းပရခြင်းဖြစ်သည်။ အဆိုပါပွဲ၏အဓိက ရည်ရွယ်ချက်များမှာ မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဒီဂျစ်တယ်အသိပညာ များကိုပြည့်ဝစွာ အသုံးချပြီး ဈေးကွက်ချဲ့ထွင်ခြင်း နှင့် ဈေးကွက်ရှာဖွေခြင်းတို့အပြင် မြန်မာ့လူမှုကွန်ရက်ပေါ်တွင် နေ့စဉ်တက်ကြွစွာ တည်ရှိနေသည့် လူသန်းပေါင်းများစွာထံ လုပ်ငန်းနှင့်သက်ဆိုင်သော အချက်အလက်များ ပျံနှံ့ရောက်ရှိနိုင်စေရန် ဖြစ်သည်။ အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများအနေဖြင့်လည်း ၎င်းတို့၏ ဒီဂျစ်တယ် အသိပညာများကို အလုံးစုံတိုးမြှင့်နိုင်ခြင်းဖြင့် အကျိုးအမြတ်များ ပိုမိုဖြစ်ထွန်းလာနိုင်ပါသည်။


"ငွေကြေးနဲ့ ဒီဂျစ်တယ်နည်းပညာ သိရှိနားလည်မှု သင်တန်းတွေ၊ အစီအစဉ်တွေကနေတစ်ဆင့် အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို(SMEs) တွေကို ဘဏ်တွေနဲ့ ရိုးရှင်းလွယ်ကူစွာ ဘယ်လို အလုပ်လုပ်ရမ လဲဆိုတာ နားလည်စေနိုင်ပါမယ်။ ထို့အပြင် ဒီလိုပြုလုပ်ခြင်းအားဖြင့် သူတို့ စီးပွားရေးတည်တံ့ခိုင်မြဲစေဖို့နဲ့ ငွေကြေးပိုင်းဆိုင်ရာတည်ငြိမ်မှုရှိစေဖို့ ဘာတွေအဓိကလိုအပ်သလဲဆိုတာ သိရှိသွားစေပါတယ်" ဟု ရိုးမဘဏ်၏ အမှုဆောင်အရာရှိချုပ် (CEO) ဖြစ်သူ Mr. Dean Cleland မှ ပြောကြားခဲ့သည်။

ဒီဂျစ်တယ်နည်းပညာနှင့် လူမှုကွန်ရက်များသည်  စီးပွားရေးလုပ်ငန်းများ၏ ထုတ်ကုန်များ၊ ဝန်ဆောင်မှုများကို ဈေးကွက်အတွင်းမိတ်ဆက်ခြင်း၊ ဖြန့်ဖြူးခြင်းတို့အတွက် ပိုမိုအရေးပါလျက်ရှိပါသည်။ ထို့ကြောင့် စီးပွားရေးလုပ်ငန်းများသည် လျင်မြန်စွာတိုးတက်ပြောင်းလဲလာနေမှုများကို အမီလိုက်နိုင်ရန် ဒီဂျစ်တယ်၊ ဘဏ်နှင့် ငွေကြေးပိုင်းဆိုင်ရာ အသိပညာအသစ်များကို လိုအပ်လာလျက်ရှိသည်။ ထို့အပြင် လူမှုကွန်ရက်ပေါ်တွင် စားသုံးသူနှင့် အပြန်အလှန်ထိတွေ့ဆက်ဆံနိုင်မှုလည်း အရေးပါလာသည်။ဒီဂျစ်တယ်ခေတ်ကို ဖော်ဆောင်နေသည့်အလျောက် အဆိုပါအရည်အသွေးများဖြင့်  မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင်များအတွက် တည်ငြိမ်ခိုင်မာမှုရှိသော အခြေခံအုတ်မြစ်ကို တည်ဆောက်လာနိုင်မည် ဖြစ်သည်။

"မြန်မာနိုင်ငံရဲ့ အကောင်းမွန်ဆုံးနဲ့ အဆင့်အတန်းအမြင့်မားဆုံးဘဏ်တွေထဲကတစ်ခုဖြစ်တဲ့ ရိုးမဘဏ်နဲ့ ဒီဂျစ်တယ်နည်းပညာဆိုင်ရာ အသိပညာပြန့်ပွားရေးအတွက် အောက်ခြေခိုင်မာဖို့အတွက် လက်တွဲဆောင် ရွက်ခွင့်ရတာ ဝမ်းသာပါတယ်။ ကျွန်တော်တို့အနေနဲ့ Facebook ရဲ့ အကောင်းမွန်ဆုံး စနစ်များကို မြန်မာနိုင်ငံ တစ်ဝန်းက မည်သည့်စီးပွားရေးနဲ့ ကြော်ငြာလုပ်ငန်းရှင်များအတွက်ကိုမဆို မျှဝေပေးရတဲ့အတွက် အထူး စိတ်လှုပ်ရှားပါတယ်။ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က လူမှုကွန်ရက်ကိုနေ့စဉ်သုံးစွဲနေကြတဲ့ မြန်မာနိုင်ငံကလူသန်းပေါင်းများစွာဆီကို SME လုပ်ငန်းတွေရဲ့အချက်အလက်တွေရောက်ရှိစေနိုင်ဖို့ဖြစ်ပါတယ်" ဟု  Httpool ၏ Country Head ဖြစ်သူ Rohan Kapoor မှပြောကြားခဲ့သည်။

အဆိုပါပွဲကို ဒီဇင်ဘာလ ၁၇ရက်နေ့ ၊ နေ့လည် ၁နာရီမှ ညနေ၅နာရီအထိ အွန်လိုင်းမှ ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် ရိုးမဘဏ်၏ Chief Products, Services & Channel Officer ဖြစ်သူ Mr. Paul Oppenheimer မှ အဖွင့်အမှာစကားပြောကြခဲ့သည်။ ဆက်လက်၍Httpool မှ Country Head ဖြစ်သူ Mr.Rohan Kapoor၊ Senior Client Partner ဖြစ်သူ မစိမ်းလဲ့၊ Client Solutions Manager ဖြစ်သူကိုကျော်ဇောဟိန်းတို့က "SMEs လုပ်ငန်းများအတွက် Facebook အသုံးပြုနည်း" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရိုးမဘဏ်မှ Head of Lending ဖြစ်သူ ဒေါ်ဆမန်သာထွဏ်းမှ "ဆိုရှယ်မီဒီယာဖြင့် သင့်ရဲ့စီးပွားရေးလုပ်ငန်းကိုမြှင့်တင်မယ်" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ရိုးမဘဏ်မှ Product Manager ဖြစ်သူ ဒေါ်သင်းရတနာကျော်မှ "မိမိတို့ ကုန်ပစ္စည်း နဲ့ ဝန်ဆောင်မှုဆိုင်ရာ စီးပွားရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ဘဏ်ဝန်ဆောင်မှုတွေကို ရယူဖို့ ဘယ်လို ချဉ်းကပ်ရယူမလဲ" ခေါင်းစဉ်ဖြင့် လည်းကောင်း အသီးသီးဟောပြောဆွေးနွေးခဲ့ကြကာ မြန်မာနိုင်ငံတစ်ဝှမ်းမှ အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များ၊ စိတ်ပါဝင်စားသူများ တက်ရောက်ခဲ့ကြသည်။

ရိုးမဘဏ်နှင့် Httpool တို့သည် မြန်မာနိုင်ငံတွင်ဒီဂျစ်တယ် နည်းပညာ သိရှိနားလည်မှုနှုန်း ပိုမိုတိုးတက်မြင့်မားလာစေရန် ရည်ရွယ်ကာ လာမည့်နှစ်တွင်လည်း ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်သည်။



Share

Loading Next Article...
က္က