ပြည်တွင်းလေကြောင်းလိုင်း လိုက်ပါစီးနင်းမယ့် ခရီးသည်တွေနဲ့ လေဆိပ်ဝန်ထမ်းတွေကို ကိုဗစ်-၁၉ ပိုးရှိ၊မရှိ စစ်ဆေးပေးနေရာ (၄)ရက်အတွင်း ပိုးတွေ့လူနာ (၅၁) ဦးရှိခဲ့တယ်လို့ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောကြားလိုက်ပါတယ်။
ဒီဇင်ဘာ (၁၅) ရက်ကစတင်ကာ စစ်ဆေးပေးနေပြီး ဒီကနေ့ ဒီဇင်ဘာ (၁၈) ရက်အထိ ခရီးသည်အပါအဝင် လေဆိပ်ဝန်ထမ်းစုစုပေါင်း (၁,၆၄၇) ဦးကို စစ်ဆေးခဲ့ရာ ပိုးတွေ့လူနာ (၅၁) ဦးရှိခဲ့ပြီး သူတို့ကို အောင်မြင့်မိုရ်စင်တာနဲ့ လှိုင်စင်တာတွေမှာထားရှိကုသပေးနေတယ်လို့လည်း ဒေါက်တာထွန်းမြင့်က ပြောပါတယ်။
“ ကျွန်တော်တို့စပြီး စစ်တာဆိုရင် ဒီနေ့ဆို (၄) ရက်ရှိပြီပေါ့နော်။ ဒီဇင်ဘာ ၁၅ ရက်ကနေ ၁၆၊၁၇၊၁၈ ဒီအထိ ဆိုရင်တော့ ခရီးသည် (၈၃၀) ကို စစ်ဆေးနိုင်ခဲ့ပါတယ်။ အဲဒီအခါမှာ (၁၃) ဦး Positive ထွက်တာ ဖြစ်ပါတယ်။ နောက်တစ်ခါ လေဆိပ်ဝန်ထမ်းတွေမှာ (၈၇၁) ဦး စစ်ဆေးနိုင်ပါတယ်။ အဲဒီအထဲမှာ ဆိုရင်တော့ Positive လူနာက (၃၈)ဦး ထွက်တာ ဖြစ်ပါတယ်။ စုစုပေါင်း ဒီကနေ့အထိဆိုရင် (၁,၆၄၇) ဦးကို စစ်ဆေးနိုင်ခဲ့ပြီးတော့ ဒီထဲက Positive လူနာကတော့ (၅၁) ဦး ထွက်တာ ဖြစ်ပါတယ်” လို့ ဒေါက်တာထွန်းမြင့်က ဆိုပါတယ်။
ဒီဇင်ဘာ (၁၅)ရက်ကစတင်ကာ ရန်ကုန်မြို့ ဆူးလေဘုရားအနီးက တိုးရစ်ဘားမားအဆောက်အဦနဲ့ အောင်မင်္ဂလာအဝေးပြေးယာဉ်ရပ်နားစခန်းတို့မှာ ပြည်တွင်းလေကြောင်းခရီးသည်တွေကို ကိုဗစ်ပိုးရှိ၊မရှိ Test Kit တွေနဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပေးနေတာဖြစ်ပါတယ်။
စစ်ဆေးလိုတဲ့ခရီးသည်တွေအနေနဲ့ ဆေးစစ်ခ တစ်သောင်းကျပ်ပေးဆောင်ရမှာဖြစ်ကာ ဆေးစစ်ပြီး ကိုဗစ်-၁၉ ကင်းရှင်းကြောင်းထောက်ခံချက်ရမှသာ လေကြောင်းခရီးသွားလာခွင့်ပြုမှာဖြစ်တယ်လို့လည်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကြေညာထားပြီးသားဖြစ်ပါတယ်။
သုံးလကြာ ရပ်နားထားခဲ့တဲ့ ပြည်တွင်းလေကြောင်းခရီးစဉ်တွေကိုတော့ ဒီဇင်ဘာ (၁၆) ရက်ကစတင်ကာ ကျန်းမာရေးစံနှုန်းသတ်မှတ်ချက်တွေနဲ့အညီ ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့ပြီး စတင်ပြေးဆွဲတဲ့နေ့မှာပဲ ခရီးသည် (၁၅၀) ဦးခန့် လိုက်ပါစီးနင်းခဲ့တယ်လို့လည်း သိရပါတယ်။