ထိုင်းမှာ ခုနစ်လကျော်အတွင်း နေ့အလိုက် ပြည်တွင်းကူးစက်မှုလည်း အများဆုံးဖြစ်လာပါတယ်။

ထိုင်းနိုင်ငံမှာ ယနေ့ (ဒီဇင်ဘာ ၁၉ ရက်) ထုတ်ပြန်ချက်အရ COVID-19 ကူစက်ခံရသူ ၅၀၀ ကျော် တိုးလာခဲ့ပြီး တစ်ရက်အတွင်း ကူးစက်မှုအမြင့်ဆုံး ဖြစ်လာခဲ့ကြောင်း သိရပါတယ်။

(Photo: Reuters)

ကူးစက်မှုအစုအဝေးဟာ ဘန်ကောက်မြို့ အနောက်တောင်ဘက် Samut Sakhon ခရိုင်မှာ ဖြစ်ပွားခဲ့တယ်လို့ ယူဆထားပြီး ထိုခရိုင်အတွင်း ပုစွန်ဈေးတစ်ခုမှာ သောကြာနေ့ (ဒီဇင်ဘာ ၁၈ ရက်) က ကူးစက်ခံရသူ ၄ ဦး တွေ့ရှိထားခဲ့ပါတယ်။ ထိုဈေးမှ ပထမဆုံး ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိရသူဟာ အသက် ၆၇ နှစ်အရွယ် အမျိုးသမီးကြီးတစ်ဦး ဖြစ်ပါတယ်။



ထိုင်းမှာ ပြည်တွင်းကူးစက်မှု ၉ ခုကိုလည်း တွေ့ရှိခဲ့ရပြီး ခုနစ်လကျော်အတွင်း နေ့အလိုက် ပြည်တွင်းကူးစက်မှု အများဆုံးဖြစ်ကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက ပြောပါတယ်။ အဆိုပါ ပြည်တွင်းကူးစက်မှု ၉ ခုဟာ ပုစွန်ဈေးနဲ့ ဆက်နွယ်နေပါတယ်။

(Photo: Jack Taylor/AFP)

ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာနမှ အထွေထွေညွန်ကြားရေးမှူး Opas Karnkawingpong က ယနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားမှုအရ ရွေ့ပြောင်းအလုပ်သမား ၁,၁၉၂ ဦးကို ဗိုင်းရပ်စ်စစ်ဆေးခဲ့ရာမှာ ကူးစက်ခံရသူ ၅၁၆ ဦး တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။ အဆိုပါ ကူးစက်ခံရသူတွေအနက် ၉၀ ရာခိုင်နှုန်းကျော်ဟာ ရောဂါလက္ခဏာမပြကြောင်းလည်း Opas Karnkawingpong က ပြောပါတယ်။

ယနေ့ ထုတ်ပြန်မှုအရ ထိုင်းနိုင်ငံမှာ COVID-19 ကူးစက်ခံရသူ ၅၃၅ ဦး တိုးလာခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ ၄,၈၀၀ ကျော်နဲ့ သေဆုံးသူ ၆၀ ဦးရှိလာခဲ့ပါတယ်။ ကူးစက်မှုအစုအဝေး တွေ့ရှိလာရတဲ့ Samut Sakhon ခရိုင်မှ ရွေ့ပြောင်းအလုပ်သမား အများစုဟာ မြန်မာနိုင်ငံမှဖြစ်ကြောင်းလည်း သိရပါတယ်။ Samut Sakhon ခရိုင် အဝင်အထွက်ကို ဇန်နဝါရီ ၃ ရက်အထိ ပိတ်ပင်ထားရန် ထိုင်းအာဏာပိုင်တွေက ညွှန်ကြားထားပါတယ်။

ထိုင်းဟာ COVID-19 စတင်တွေ့ရှိခဲ့ရာ တရုတ်ပြင်ပမှာ ပထမဆုံး ကူးစက်မှုတွေ့ရတဲ့ နိုင်ငံဖြစ်ခဲ့ပေမဲ့ ကူးစက်မှုတွေကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ထိုင်းမှာ လတ်တလော ပြန်တွေ့လာရတဲ့ ကူးစက်မှုအများစုဟာ ပြည်ပကူးစက်မှုတွေ ဖြစ်ခဲ့ပါတယ်။ ကြာသပတေးနေ့ (ဒီဇင်ဘာ ၁၇ ရက်) မှာ ထိုင်းအစိုးရက နိုင်ငံ ၅၆ နိုင်ငံမှ ခရီးသွားတွေကို ပြန်လည် လာရောက်လည်ပတ်ခွင့်ပြုကြောင်း သိရပါတယ်။

ထိုင်းအစိုးရက ခန့်မှန်းချက်အရ ၂၀၂၁ ခုနှစ်မှာ ပြည်ပခရီးသွား ၈ သန်း လာရောက်လည်ပတ်မယ်လို့ ခန့်မှန်းထားပြီး ယခုနှစ်မှာတော့ ခရီးသွား ၆.၇ သန်း လာရောက်မယ်လို့ မျှော်မှန်းထားခဲ့တာ ဖြစ်ပါတယ်။ ယမန်နှစ်အတွင်း ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်ကြတဲ့ ပြည်ပခရီးသွား သန်း ၄၀ နီးပါးရှိခဲ့ပြီး အများဆုံး စံချိန်တင်ထားခဲ့ကြောင်း Reutes သတင်းက ဖော်ပြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က