တရုတ်နိုင်ငံရဲ့ အာကာသခရီးစဥ်ပို့ဆောင်ရေး ဒုံးပျံအသစ် Long March-8 ကို ပထမဆုံးအကြိမ်အဖြစ် ယနေ့ (ဒီဇင်ဘာ ၂၂ ရက်) လွှတ်တင်လိုက်ကြောင်း တရုတ်အာကာသအေဂျင်စီက ပြောပါတယ်။
(Photo: news.cn/Xinhua)
Long March-8 လွှတ်တင်မှုဟာ ပြန်လည်အသုံးပြုနိုင်တဲ့ ဒုံးပျံများ အသုံးပြုမယ့် မဟာဗျူဟာရဲ့ ပထမအဆင့်ဖြစ်တယ်လို့ ဆိုပါတယ်။ Long March-8 ဟာ ကုန်ကျစရိတ်သက်သာတဲ့ အာကာသခရီးစဥ်နဲ့ စီးပွားဖြစ် အာကာသခရီးစဥ်လွှတ်တင်ရေးအတွက် အလားအလာရှိ ပြန်လည်အသုံးပြုနိုင်တဲ့ ဒုံးပျံများ တည်ဆောက်ရန် တရုတ်ရဲ့အားထုတ်ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။
တရုတ်ရဲ့ ပြန်လည်အသုံးပြုနိုင်တဲ့ ဒုံးပျံအစီအစဥ်ဟာ အမေရိကန်မှ ပုဂ္ဂလိက ဒုံးပျံကုမ္ပဏီ SpaceX ရဲ့ Falcon ဒုံးပျံနဲ့ အပြိုင်ဖြစ်ပါတယ်။ သို့သော် ၎င်းတို့ရဲ့ ပြန်အသုံးပြုနိုင်တဲ့ ဒုံးပျံကိုတော့ SpaceX နဲ့ မတူညီတဲ့ နည်းပညာသုံးထားကြောင်း တရုတ်နိုင်ငံက ၂၀၁၈ ခုနှစ်အတွင်း ပြောခဲ့ပါတယ်။
(Photo: news.cn/Xinhua)
Long March-8 ဒုံးပျံသစ်ကို တရုတ်တောင်ပိုင်း Hainan ကျွန်းပေါ်ရှိ Wenchang လွှတ်တင်ရေးစခန်းကနေ ယနေ့ ဘေဂျင်းစံတော်ချိန် မွန်းလွဲ ၁၂ နာရီ ၃၇ မိနစ်မှာ လွှတ်တင်လိုက်တာဖြစ်ပြီး စီစဥ်ထားတဲ့ ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ ဂြိုဟ်တုငါးလုံးကို သယ်ဆောင်သွားခဲ့ပါတယ်။
တရုတ်ရဲ့ Long March-8 ဒုံးပျံဟာ ၁၆၅ ပေရှည်ပြီး အလေးချိန် ၃၅၆ တန်ကို သယ်ဆောင်နိုင်ကြောင်း China National Space Administration (CNSA) က ပြောပါတယ်။ Long Marc-8 ဟာ ဒုံးပျံနည်းပညာ အဆင့်မြှင့်တင်ရေး အရှိန်မြှင့်မှုအတွက် ကြီးမားတဲ့ အရေးပါမှုဖြစ်တယ်လို့လည်း CNSA ကဆိုပါတယ်။
(Photo: news.cn/Xinhua)
ယခု ဒုံးပျံရဲ့ ဒီဇိုင်းပုံစံကို ယခင် Long March ဒုံးပျံတွေမှာ အသုံးပြုခဲ့တဲ့ နည်းပညာများပေါ် အခြေခံပြီး ပြုလုပ်ခဲ့ကြောင်း တရုတ်အစိုးရသတင်းဌာန Xinhua က ပြောပါတယ်။ Long March-8 ဖြင့် ကမ္ဘာပတ်လမ်းကြောင်းအတွင်းသို့ ပို့ဆောင်လိုက်တဲ့ ဂြိုဟ်တုငါးလုံးဟာ အာကာသသိပ္ပံ၊ အဝေးထိန်းအာရုံခံစနစ်နဲ့ ဆက်သွယ်ရေးနည်းပညာတို့ကို လေ့လာသွားမယ်လို့ Xinhua က ဆိုပါတယ်။
တရုတ်အစိုးရက အာကာသအစီအစဥ်မှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံ လုပ်ဆောင်နေပါတယ်။ ယခုလအတွင်းမှာလည်း တရုတ်နိုင်ငံရဲ့ လူလိုက်ပါခြင်းမရှိတဲ့ အာကာသယာဥ်က လမျက်နှာပြင်ပေါ်မှ ကျောက်တုံးနဲ့ မြေကြီးနမူနာများရယူပြီး ကမ္ဘာမြေပြင်သို့ အောင်မြင်စွာ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။
(Photo: news.cn/Xinhua)
တရုတ်ဟာ အမေရိကန်နဲ့ ဆိုဗီယက်ပြီးလျှင် လပေါ်မှ နမူနာများကို ရယူနိုင်ခဲ့တဲ့ တတိယမြောက်နိုင်ငံ ဖြစ်လာပါတယ်။ လမျက်နှာပြင်ပေါ်မှ ကျောက်တုံးနမူနာကို လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကျော်အချိန်က လေ့လာဆန်းစစ်ရန်အတွက် အမေရိကန်နဲ့ ဆိုဗီယက်တို့က ရယူခဲ့ကြဖူးပါတယ်။
တရုတ်ရဲ့ အာကာသယာဥ် Chang'e-5 က ကမ္ဘာမြေပြင်သို့ ပြန်လည်မထွက်ခွာမီ လပေါ်မှာ တရုတ်နိုင်ငံတော်အလံကို စိုက်ထူခဲ့ကြောင်းလည်း သိရပါတယ်။ အမေရိကန်က လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀ ကျော် ၁၉၆၉ ခုနှစ် အပိုလို ၁၁ အာကာသခရီးစဥ်အတွင်း လပေါ်မှာ နိုင်ငံအလံ စိုက်ထူခဲ့ပြီး ထိုသို့လုပ်ဆောင်နိုင်တဲ့ ပထမဆုံးနိုင်ငံအဖြစ် သမိုင်းမှတ်တမ်းတင်ထားခဲ့တာ ဖြစ်ပါတယ်။
.