ဆင်တစ်ကောင်ကို အရေးပေါ်အသက်ကယ်ရန် လုပ်ဆောင်ခဲ့ဖူးခြင်း မရှိဘူးလို့ အသက်ကယ်ခဲ့သူက ပြောပါတယ်။

ထိုင်းနိုင်ငံမှာ လမ်းဖြတ်ကူးစဥ် ဆိုင်ကယ်အတိုက်ခံရတဲ့ ဆင်ပေါက်လေးတစ်ကောင်ကို တာဝန်ချိန်ပြင်ပ ကယ်ဆယ်ရေးဝန်ထမ်း အမျိုးသားတစ်ဦးက သတိပြန်လည်လာစေရန် အရေးပေါ်အသက်ကယ်နည်းလမ်းဖြင့် လုပ်ဆောင်ပေးခဲ့ပြီး အသက်ကယ်နိုင်ခဲ့ပါတယ်။

(Photo: Reuters)

ဆင်ပေါက်လေးကို အသက်ကယ်ခဲ့သူ Mana Srivate က ၎င်းရဲ့ လုပ်သက်တစ်လျှောက် ဒါဇင်နဲ့ချီတဲ့ အသက်ကယ်ရန် ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့ဖူးပေမဲ့ ယခုကဲ့သို့ ဆင်တစ်ကောင်ကို အသက်ကယ်ရန် လုပ်ဆောင်ခဲ့ဖူးခြင်း မရှိဘူးလို့ Reuters သတင်းဌာနကို ပြောပါတယ်။ အွန်လိုင်းမှာ ပျံ့နှံ့နေခဲ့တဲ့ ဗီဒီယိုထဲမှာ Mana Srivate ဟာ လမ်းလယ်ခေါင်မှာ လဲကျနေတဲ့ ဆင်ပေါက်လေးကို လက်နှစ်ဖက်ဖြင့် နှလုံးနေရာကို ဖိနှိပ်ပေးတဲ့ CPR (Cardiopulmonary resuscitation) အရေးပေါ်အသက်ကယ်ခြင်းပုံစံ လုပ်ဆောင်ပေးခဲ့တာ တွေ့ရပါတယ်။



ထို့နောက် ၁၀ မိနစ်မျှအကြာမှာ လဲကျနေတဲ့ ဆင်ပေါက်လေးက ပြန်ထလာနိုင်ခဲ့ပါတယ်။ ထိုင်းအရှေ့ပိုင်း Chanthaburi ခရိုင်အတွင်းရှိ လမ်းမတစ်ခုကို ဆင်အုပ်က ဖြတ်ကူးစဥ်မှာ အဆိုပါ ဆင်ပေါက်လေးကို ဆိုင်ကယ်ဖြင့် တိုက်မိခဲ့တာဖြစ်ပါတယ်။ Mana Srivate ရဲ့ အပေါင်းအဖော်တွေကလည်း ဆိုင်ကယ်စီးလာသူကို ပြုစုကုသပေးခဲ့ပြီး ၎င်းဟာ ပြင်းထန်တဲ့ဒဏ်ရာမရခဲ့ပါဘူး။

(Photo: Reuters)

ကယ်ဆယ်ရေးဝန်ထမ်းလုပ်သက် ၂၆ နှစ်ရှိပြီဖြစ်တဲ့ Mana Srivate ဟာ တနင်္ဂနွေနေ့ (ဒီဇင်ဘာ ၂၀ ရက်) ညပိုင်းက တာဝန်ချိန်ပြင်ပ သွားလာနေစဥ် ဆင်ပေါက်လေး ဆိုင်ကယ်အတိုက်ခံရတဲ့ မတော်တဆဖြစ်ရပ်ကို တွေ့ခဲ့ရတာ ဖြစ်ပါတယ်။ "အသက်ကယ်ဖို့က ကျွန်တော်ရဲ့ ပင်ကိုဗီဇအရ အလိုအလျောက်တုံ့ပြန်မှုပါ၊ ဒါပေမဲ့ ဆင်ပေါက်လေးကို မိခင် ဆင်မကြီးနဲ့ တခြားဆင်တွေက အော်ဟစ်ခေါ်နေကြတော့ ကျွန်တော် တစ်ချိန်လုံး စိတ်ပူပန်နေခဲ့တာပေါ့ဗျာ၊ ဆင်တစ်ကောင်ရဲ့နှလုံး ဘယ်နေရာမှာရှိလိမ့်မယ်ဆိုတာကို လူတစ်ယောက်မှာလိုမျိုး အခြေခံပြီးတော့ရယ် နောက် အွန်လိုင်းမှာ ကြည့်ခဲ့ဖူးတဲ့ ဗီဒီယိုတစ်ခုရယ်အရ ကျွန်တော် ခန့်မှန်းယူဆခဲ့ပါတယ်" လို့ Mana Srivate က ရှင်းပြပါတယ်။

"ဆင်လေး စလှုပ်လာတော့ ကျွန်တော် ငိုမိလုနီးပါပဲ" လို့လည်း ၎င်းက ဖွင့်ဟပြောခဲ့ပါတယ်။ ဆင်းပေါက်လေးဟာ အရေးပေါ်အသက်ကယ်နည်းဖြင့် သတိပြန်ရလာပြီးနောက် အခြားနေရာသို့ ခေါ်ဆောင်သွားပြီး လိုအပ်တဲ့ကုသမှု လုပ်ပေးခဲ့တယ်လို့ ဆိုပါတယ်။ ထို့နောက် မိခင် ဆင်မကြီးနဲ့ ပြန်တွေ့စေရန် မတော်တဆမှုဖြစ်ခဲ့တဲ့ နေရာသို့ ပြန်လည်ပို့ဆောင်ခဲ့ပါတယ်။

မိခင် ဆင်မကြီးက ဆင်ပေါက်လေးရဲ့ အော်ဟစ်ခေါ်သံကို ကြားခဲ့ချိန်မှာ အခြားဆင်တွေကလည်း ပြန်ရောက်လာခဲ့ကြကြောင်း Mana Srivate က ပြောပါတယ်။ CPR အရေးပေါ်အသက်ကယ်နည်းဖြင့် သတိပြန်လည်လာစေရန် လုပ်ဆောင်ခဲ့ဖူးတဲ့ ကြိုးပမ်းမှုတွေအနက် ယခု ဆင်ပေါက်လေးဟာ ပထမဆုံး အသက်ရှင်ခဲ့မှုဖြစ်တယ်လို့လည်း Mana Srivate က ဆိုပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က