သေနတ်သမားက ရဲတွေကို ပစ်သတ်ခဲ့ပြီးနောက် နေအိမ်ကို မီးရှို့ခဲ့ပါတယ်။

ပြင်သစ်နိုင်ငံအလယ်ပိုင်း အစွန်အဖျားနေရာရှိ ကျေးရွာတစ်ရွာမှာ အိမ်တွင်းအကြမ်းဖက်မှု တိုင်ကြားချက်အရ နေအိမ်တစ်အိမ်သို့ သွားရောက်ခဲ့တဲ့ ရဲအရာရှိသုံးဦးကို သေနတ်သမားက ပစ်သတ်ခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

လိုင်ယွန်မြို့အနောက်ဘက် မိုင် ၁၀၀ ကျော်အကွာရှိ Saint-Just ကျေးရွာမှ နေအိမ်တစ်အိမ်မှာ အိမ်တွင်းအကြမ်းဖက်မှု ဖြစ်ပွားခဲ့ပြီး အမျိုးသမီးတစ်ဦးက အိမ်ခေါင်မိုးပေါ်သို့ ထွက်ပြေးရောက်ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ ထိုအိမ်သို့ ကနဦး ရောက်ရှိလာခဲ့တဲ့ ရဲအရာရှိတွေကို သေနတ်သမားက ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးပြီး နောက်တစ်ဦး ဒဏ်ရာရခဲ့ပါတယ်။



ထို့နောက် အဆိုပါ အမျိုးသားက နေအိမ်ကို မီးရှို့ခဲ့ပြီး နောက်ထပ် ရောက်ရှိလာတဲ့ ရဲအရာရှိနှစ်ဦးကိုလည်း သေနတ်ဖြင့် ပစ်သတ်ခဲ့ပါတယ်။ အခင်းဖြစ်နေအိမ်မှ အမျိုးသမီးကို ကယ်တင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒေသစံတော်ချိန် ယနေ့ (ဒီဇင်ဘာ ၂၃ ရက်) မနက်အစောပိုင်းမှာဖြစ်ပွားခဲ့တဲ့ ထိုဖြစ်ရပ်အတွင်း ပစ်ခတ်ခံရပြီး သေဆုံးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ Arno Mavel (၂၁ နှစ်)၊ Rémi Dupuis (၃၇ နှစ်) နဲ့ Cyrille Morel (၄၅ နှစ်) တို့ဖြစ်ကြောင်း ပြင်သစ်ပြည်ထဲရေးဝန်ကြီးဌာနက ပြောပါတယ်။

(Map: BBC)

ဒဏ်ရာရတဲ့ ရဲအရာရှိကတော့ ခြေထောက်မှာ ပစ်ခတ်ခံရတာဖြစ်ပြီး အသက်အန္တရာယ် မစိုးရိမ်ရပါဘူး။ လက်ရှိမှာ ရဲသုံးဦးကို ပစ်သတ်ခဲ့ပြီး နေအိမ်ကို မီးရှို့ခဲ့တဲ့ သံသယရှိသူ အသက် ၄၈ နှစ်အရွယ် အမျိုးသားကို ရဲတပ်ဖွဲ့က ရှာဖွေနေကြောင်း သိရပါတယ်။ ၎င်းဟာ မီးလောင်ပျက်စီးခဲ့တဲ့ နေအိမ်အတွင်းရှိနေသေးကြောင်း သို့မဟုတ် ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရှိနိုင်ရန် ရဲတပ်ဖွဲ့က ကြိုးပမ်းနေခဲ့တယ်လို့ Saint-Just အုပ်ချုပ်ရေးမှူး Francois Chautard က Le Figaro သတင်းစာကို ပြောခဲ့ပါတယ်။ ရဲတပ်ဖွဲ့က သတင်းရင်းမြစ်တစ်ခုက BFMTV ကို ပြောကြားမှုအရတော့ သေနတ်သမားဟာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က