မန္တလေးက အနံ့ပျောက်ကိုဗစ် သံသယလူနာတွေအနေနဲ့ မန္တလေး ဧရာဝတီကုသရေးစင်တာမှာ စစ်ဆေးနိုင်ပြီး တစ်နေ့ကို အယောက် (၁၀၀) ခန့် စစ်ဆေးပေးမယ်လို့ သိရပါတယ်။
ဒီဇင်ဘာ (၂၂) ရက်မှာ စတင်စစ်ဆေးပေးနေပြီး နေ့စဉ် မနက် (၉) နာရီကနေ နေ့လယ် (၁၂) နာရီအထိ လူဦးရေ (၅၀) တစ်ကြိမ်၊ နေ့လယ် (၁) နာရီကနေ ညနေ (၄) နာရီအထိ လူဦးရေ (၅၀) တစ်ကြိမ် တစ်ရက်ကို (၂) ကြိမ်စစ်ဆေးပေးသွားမှာဖြစ်ပါတယ်။
စစ်ဆေးလိုတဲ့ သံသယလူနာတွေအနေနဲ့ (https://bit.ly/37qg2My) လင့်ခ်ကတစ်ဆင့် စာရင်းသွင်းနိုင်ပြီး ဧရာဝတီ Call Center က နေပြီး QR Code နဲ့ Patient ID ကို SMS ပေးပို့ကာ စစ်ဆေးရမယ့် နေ့ရက်နဲ့ အချိန်ကို ဖော်ပြပေးမည်လို့လည်း မန္တလေးဧရာဝတီစင်တာက ကြေညာထားပါတယ်။
ကြိုတင်စာရင်းပေးသွင်းထားပြီး QR Code နဲ့ Patient ID ရပြီးသားသူတွေကိုသာ လက်ခံစစ်ဆေးပေးမှာဖြစ်ပြီး ဆေးစစ်မှုခံယူမယ့်သူတွေအနေနဲ့ သတ်မှတ်ထားတဲ့ နေ့ရက်၊အချိန်အတိုင်း တိကျစွာ လာရောက်စစ်ဆေးမှုခံယူရမယ်လို့လည်း ဆိုပါတယ်။
သတ်မှတ်ထားတဲ့အချိန်ကနေ နာရီဝက်ခန့်သာ စောင့်ဆိုင်းပေးမှာဖြစ်ပြီး အဲဒီအချိန်ကျော်လွန်ပါက လစ်လပ်ချိန်ကို ပြန်လည်စောင့်ဆိုင်းပြီးမှသာ စစ်ဆေးမှုခံယူရမှာဖြစ်ကာ ချိန်းထားတဲ့ရက်ကျော်လွန်ပါက နောက်တစ်ကြိမ်ပြန်လည်စာရင်းသွင်းရမယ်လို့လည်းသိရပါတယ်။
ဒါ့အပြင် စစ်ဆေးမှုခံယူဖို့ လာရောက်မယ့်သံသယလူနာတွေကို ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးကတာဝန်ရှိသူတွေ၊လူမှုကူညီရေးအသင်းတွေအနေနဲ့ သတ်မှတ်ထားတဲ့ နေ့ရက်၊ အချိန်အတွင်း လူနာတွေကို ဧရာဝတီစင်တာကို ပို့ဆောင်ပေးစေလို့လည်း အဆိုပါ စင်တာက ကြေညာထားတာပါ။
သံသယလူနာတွေအနေနဲ့လည်းစစ်ဆေးမှုခံယူဖို့ လာရောက်ရာမှာ လူစုလူဝေးမဖြစ်ပေါ်အောင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိုဗစ်ကာကွယ်ရေးလမ်းညွှန်ချက်တွေနဲ့ အညီ စစ်ဆေးမှုခံယူရမယ်လို့လည်း ဆိုပါတယ်။
သွေးတိုးရောဂါ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါစတဲ့ ရောဂါအခံရှိတဲ့ အနံ့ပျောက် ကိုဗစ်သံသယလူနာတွေအနေနဲ့လည်း အရေးပေါ် အခြေအနေဖြစ်ပွားလာပါက မန္တလေး အထွေထွေရောဂါကုဆေးရုံကြီးကို (၂၄) နာရီ အချိန်မရွေးဆက်သွယ်ပြီး ကုသမှုခံယူဖို့ကိုလည်း အသိပေးထားပါတယ်။
စစ်ဆေးမှုခံယူဖို့ စာရင်းသွင်းမယ့် အနံ့ပျောက်သံသယလူနာတွေအနေနဲ့ မရှင်းလင်းတဲ့အချက်တွေရှိပါက ဧရာဝတီ Call Center ဖုန်းနံပါတ် (02-4705757 Ext 1001 to 1010) ကိုဆက်သွယ်မေးမြန်းနိုင်ပြီး နေအိမ်မှာနေထိုင်စဉ် ကိုဗစ်ရောဂါအခြေအနေနဲ့ ပတ်သက်လို့ စုံစမ်းမေးမြန်းလိုပါက (09-880122447 ) ကိုဆက်သွယ်မေးမြန်းနိုင်တယ်လို့လည်း သိရပါတယ်။
Share