ရွှေတိဂုံစေတီတော် ပြန်ဖွင့်ပြီဆိုပါက လာရောက်ဖူးမြော်လိုသူတွေအနေနဲ့ ရင်ပြင်တော်မှာ အချိန် တစ်နာရီခန့်သာနေပြီး ဖူးမြော်ခွင့်ရမယ်လို့ ရွှေတိဂုံစေတီတော်ဂေါပကအဖွဲ့ထံကနေ သိရပါတယ်။
စေတီပြန်ဖွင့်ချိန်မှာ လူဦးရေ အကန့်အသတ်နဲ့သာ လာရောက်ခွင့်ရမှာဖြစ်တာကြောင့် ဖူးမြော်ခွင့်ရဖို့ စောင့်ဆိုင်းသူတွေ ရှိနေမှာဖြစ်တဲ့အတွက် အချိန်အကန့်အသတ်နဲ့ထားကာ ဖူးမြော်ခွင့်ပြုဖို့ စီစဉ်ရခြင်း ဖြစ်တယ်လို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့ဝင် ဦးသန်းဇော်က Duwun ကိုပြောပါတယ်။
ဓာတ်ပုံ-တန်ဆောင်မုန်းလပြည့်နေ့မှာရွှေတိဂုံစေတီတော်ကို ဖူးမြော်မြင်တွေ့ရစဉ်။
“ ဘုရားပေါ်ကို တစ်နာရီပတ်ဝန်းကျင်လောက်ပဲ ဖူးခွင့်ပြုမှာပေ့ါ။ ဘာဖြစ်လို့လဲဆိုတော့ ဘုရားပေါ်မှာ နောက်ကလည်း လာမယ့်သူတွေ အများကြီးတန်းစီနေလိမ့်မယ်။ ကိုယ်ကလည်း အပေါ်မှာ အကြာကြီးရှိခိုးနေရင် နောက်ကဘုရားဖူးတဲ့လူတွေကိုလည်း ဦးစားပေးရမှာပေါ့။ ဘုရားပေါ်ကို တက်တဲ့အခါမှာလည်း လူဦးရေ အရေအတွက် အကန့်အသတ်နဲ့ပဲ ပေးဝင်မယ်။ သတ်မှတ်ထားတဲ့ အရေအတွက် ပြည့်နေရင် ဘုရားပေါ်ကို ပေးမဝင်ဘူးပေါ့ “ လို့ ဂေါပကအဖွဲ့ဝင် ဦးသန်းဇော်က ပြောပါတယ်။
လက်ရှိမှာ ကိုဗစ်စည်းမျဉ်းစည်းကမ်းများနဲ့ အညီ စေတီတော်ကို ပြန်လည်ဖွင့်လှစ်ဖို့ စီစဉ်နေပြီး အွန်လိုင်းကတစ်ဆင့် စာရင်းပေးသွင်းနိုင်သလို စာရင်းမသွင်းဘဲ လာရောက်မယ့်သူတွေကတော့ ဘုရားပေါ် မတက်ခင် ကွန်ပျူတာနဲ့ စာရင်းသွင်းပြီး QR Code ထုတ်ပေးပြီးတော့မှ ဘုရားပေါ်တက်ရမှာဖြစ်မယ်လို့ သိရပါတယ်။
“ အွန်လိုင်းကနေ စာရင်းပေးထားတဲ့သူတွေက သတ်မှတ်ထားတဲ့ အချိန်၊ နေ့ရက်အတိုင်း အတိအကျလာရမယ်။ အွန်လိုင်းကနေ ဘိုကင်လုပ်တဲ့အခါမှာလည်း သတ်မှတ်ထားတဲ့ လူပြည့်သွားရင်တော့ ဘိုကင်လုပ်လို့ရမှာမဟုတ်ဘူး။ အွန်လိုင်း ဘိုကင်မလုပ်ထားတဲ့သူတွေကတော့ ဘုရားလာရင် ကွန်ပျူတာနဲ့ စာရင်းသွင်းရမယ်။ မှတ်ပုံတင်လို ကတ်ပြားပြပြီးရင် Web Cam နဲ့ရိုက်မယ်။ ဘုရားပေါ်မတက်ခင် QR Code လေးထုတ်ပေးမယ်။ အဲဒါပြီးမှ ဘုရားပေါ်တက်ပေါ့။ “ လို့ ဂေါပကအဖွဲ့ဝင် ဦးသန်းဇော်က ဆက်ပြောပါတယ်။
ဒါ့အပြင် ဘုရားကို လာရောက်ဖူးမြော်သွားတဲ့လူတွေကို မှတ်တမ်းသိမ်းဆည်းသွားမှာဖြစ်ပြီး အကြောင်းတစ်စုံတစ်ရာရှိလာခဲ့ရင် ပြန်လည်ရှာဖွေ ဆက်သွယ်နိုင်ဖို့ အတွက်ဖြစ်တယ်လို့လည်းသိရပါတယ်။ လက်ရှိမှာ ရွှေတိဂုံစေတီတော် ပြန်ဖွင့်တဲ့အခါ ကိုဗစ်ကာကွယ်ရေးလမ်းညွှန်ချက်တွေနဲ့ အညီ ဘယ်လိုပုံစံ ဖူးမြော်ရမလဲဆိုတာတွေကို ဗီဒီယိုမှတ်တမ်းတစ်ခု ရိုက်ကူးနေပြီး အများပြည်သူတွေ သိရှိအောင် လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ထုတ်လွှင့်ပေးသွားမယ်လို့လည်း သိရပါတယ်။
ရွှေတိဂုံစေတီတော်အပါအဝင် ရန်ကုန်မြို့ရဲ့ အထင်ကရစေတီတော်ကို ကိုဗစ်ပထမလှိုင်းစတင်ချိန်ကတည်းက ပိတ်သိမ်းထားတာဖြစ်ပြီး လက်ရှိအချိန်ထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးတာလည်းဖြစ်ပါတယ်။