လာမယ့် တတိယအကြိမ်လွှတ်တော်သက်တမ်းအတွင်း ရန်ကုန်မြစ်တစ်ဖက်ကမ်းမှာ ရန်ကုန်အထူးစီးပွားရေးဇုန်တစ်ခု ပေါ်ထွက်လာဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားလိုက်ပါတယ်။
မကြာခင်မှာ ကိုရီးယား-မြန်မာချစ်ကြည်ရေး (ဒလ) တံတားစီမံကိန်းပြီးစီးပါက ရန်ကုန်မြစ်ရဲ့ အနောက်ဘက်ခြမ်းမှာ အရှိန်အဟုန်နဲ့ ဖွံဖြိုးတိုးတက်လာမှာဖြစ်တာကြောင့် အဆိုပါ ရန်ကုန်မြစ် အနောက်ဘက်ခြမ်းမှာ ရန်ကုန်အထူးစီးပွားဇုန်တစ်ခု တည်ဆောက်ဖို့ အထူးစီးပွားရေးဇုန်ကော်မတီမှာ ဆုံးဖြတ်ထားပြီး ဖြစ်တယ်လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားခဲ့တာပါ။
ဒီဇင်ဘာ (၂၅) ရက်မှာ ကျင်းပခဲ့တဲ့ ပုဇွန်တောင်မြို့နယ် ၊ အမှတ် (၃)ရပ်ကွက် ၊ အောက်ပုဇွန်တောင်လမ်းရှိ ပြည်တော်သစ်ပြည်သူ့အိမ်ရာအထပ်မြင့်အဆောက်အဦ ဖွင့်ပွဲတက်ရောက်စဉ် ပြောကြားခဲ့တာဖြစ်ပါတယ်။
“ ကိုရီးယား-မြန်မာချစ်ကြည်ရေးတံတားထိုးပြီးသွားပြီဆိုရင် ကျွန်တော်တို့ရဲ့ ရန်ကုန်မြစ်ရဲ့ အနောက်ဘက်ခြမ်းက အရှိန်အဟုန်နဲ့ ဖွံဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ အဲဒီရန်ကုန်မြို့ရဲ့ အနောက်ဘက်ခြမ်းမှာ ရန်ကုန်အထူးစီးပွားရေးဇုန်တစ်ခုတည်ဆောက်ဖို့ အထူးစီးပွားရေးဇုန်ကော်မတီမှာ ဆုံးဖြတ်ထားပြီးဖြစ်ပါတယ်။ ဒီကိစ္စရပ်ကို ကျွန်တော်တို့ ပြည်ထောင်စုလွှတ်တော်ကို ဆက်လက်တင်ပြဖို့ လုပ်ထားပါတယ်။ တတိယအကြိမ် ပြည်ထောင်စုလွှတ်တော်သက်တမ်းမှာ ရန်ကုန်အထူးစီးပွားရေးဇုန် ပေါ်ထွန်းလာတော့မှာဖြစ်ပါတယ်” လို့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆိုပါတယ်။
လက်ရှိ ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်မှာ စီမံကိန်းနှစ်ခုကို အုတ်မြစ်ချစီစဉ်နေပြီး ကိုရီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံးကိုရီးယားစက်မှုစီမံကိန်း၊ စင်ကာပူနဲ့ မြန်မာနိုင်ငံတို့ ပူးပေါင်းဆောင်ရွက်မယ့် စင်ကာပူ-မြန်မာစက်မှုဥယျာဉ် တို့အပြင် ဒဂုံအရှေ့ပိုင်းမြို့နယ်မှာလည်း စက်မှုဇုန်တစ်ခု တည်ဆောက်ဖို့ စတဲ့ စီးပွားရေးစီမံကိန်းတွေ အားလုံးပြင်ဆင်ထားပြီး ဖြစ်တယ်လို့လည်း ရန်ကုန်တိုင်းဝန်ကြီးချုပ်က ဆက်လက်ပြောကြားခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကလည်း အဆိုပါ စက်မှုဇုန်စီမံကိန်းတွေ အကောင်အထည်ဖော်မှာဖြစ်တဲ့အကြောင်း ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းက ကိုဗစ်-၁၉ နောက်ဆုံးအခြေအနေနဲ့ စပ်လျဉ်းတဲ့ ပြည်သူသို့ အစီရင်ခံစာတင်ပြတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားထားခဲ့ပါတယ်။ ဒီလို စီမံကိန်းတွေ အကောင်အထည်ဖော်ရာမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတင်မကဘဲ ပြည်သူတွေ အတွက် အလုပ်အကိုင်ဖန်တီးပေးနိုင်မှာ ဖြစ်တယ်လို့လည်း အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားထားခဲ့တာ ဖြစ်ပါတယ်။