တောင်ကိုရီးယားက လာတဲ့ သတင်းတစ်ပုဒ်အရ ဒီနှစ်အတွင်း Samsung ဖုန်းတင်ပို့မှုဟာ ၉ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် သန်း ၃၀၀ အောက် ကျဆင်းဖို့ ရှိတယ်လို့ ဆိုပါတယ်။
ဒါဟာ ၂၀၁၂ ခုနှစ်နောက်ပိုင်း Samsung ဖုန်းတင်ပို့မှုအရေအတွက် သန်း ၃၀၀ အောက်ကို ပထမဆုံးအကြိမ် ကျရောက်ခဲ့တာ ဖြစ်ဖို့ ရှီပါတယ်။ တောင်ကိုရီးယားသတင်းဌာနတစ်ခုဖြစ်တဲ့ ETNews အရ ယခုနှစ် တတိယသုံးလပတ်အထိ Samsung ဖုန်းတင်ပို့မှုဟာ စုစုပေါင်း ၁၈၉.၄ သန်း ရှိခဲ့ပြီး နှစ်ကုန်ပိုင်းမှာ စုစုပေါင်း ဖုန်းတင်ပို့မှု သန်း ၂၇၀ ခန့် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။
Photo: GSMArena
ကိုရိုနာဗိုင်းရပ်စ်ကပ်ဘေးကာလအတွင်းမှာ စမတ်ဖုန်းတင်ပို့မှုနဲ့ ဖြန့်ချိရေးပိုင်းမှာ ထိခိုက်မှုတွေ ရှိခဲ့တာ ဖြစ်ပြီး Samsung အတွက် သိသာတဲ့ အကျိုးဆက်ကို တွေ့မြင်ခဲ့ရတာပါ။ လာမယ့်နှစ်မှာတော့ Samsung ဟာ စမတ်ဖုန်းစုစုပေါင်း ၃၀၇ သန်းအထိ တင်ပို့နိုင်ဖို့ ရည်မှန်းချက်ထားရှိထားတယ်လို့ သတင်းတွေက ဆိုပါတယ်။
၂၀၂၁ ခုနှစ်မှာ Samsung ဟာ mid-range နဲ့ တန်ဖိုးနည်း 5G ဖုန်းတွေ တိုးချဲ့ထုတ်လုပ်တင်ပို့ဖို့ ရှိသလို ခေါက်သိမ်းနိုင် Foldable Models ကဏ္ဍကိုလည်း ချဲ့ထွင်သွားဖို့ ရှိပါတယ်။ လာမယ့်နှစ် တင်ပို့ဖို့ မှန်းထားတဲ့ ဖုန်းအရေအတွက်ထဲက ၉၃ ရာခိုင်နှုန်းဖြစ်တဲ့ စမတ်ဖုန်းအရေအတွက် ၂၈၇ သန်းခန့်ဟာ စမတ်ဖုန်းတွေ ဖြစ်ပြီး ကျန်တဲ့ သန်း ၂၀ ခန့်ဟာ feature phone တွေ ဖြစ်မယ်လို့ ခန့်မှန်းထားပါတယ်။
Photo: The Economic Times
စမတ်ဖုန်းတွေထဲက သန်း ၅၀ ခန့်ဟာ Flagship မော်ဒယ်တွေ ဖြစ်ဖို့ ရှိပါတယ်။ လာမယ့်နှစ်မှာ Samsung Foldable ဖုန်းဟာ Galaxy Note series တွေနေရာမှာ အစားထိုးသွားဖို့ ရှိပြီး Galaxy Foldable စီးရီးတွေအရေအတွက်ဟာ ၆ သန်းခန့်အထိ တင်ပို့နိုင်ဖို့လည်း မှန်းထားပါတယ်။