ဧရာဝတီတိုင်း၊ကျောင်းကုန်းမြို့နယ်၊ ကျီးတောကျေးရွာက ကျောင်းထိုင်ဘုန်းကြီးတစ်ပါး ရေတွင်းဟောင်းအတွင်းပြုတ်ကျကာ ပျံလွန်တော်မူသွားခဲ့ရတယ်လို့ကျောင်းကုန်းမြို့မရဲစခန်းကသိရပါတယ်။
ပျံလွန်တော်မူ ခဲ့တဲ့ဘုန်းတော်ကြီးသည် အဲ့ဒီရေတွင်းဟောင်းဘောင်ပေါ်မှာထိုင်ပြီး ဖုန်းပြောလေ့ရှိတယ်လို့သိရပါတယ်။
''မှောက်လျှက်အနေထားနဲ့ ပျံလွန်တော်မူနေတာကို စစ်ဆေးတွေ့ရှိရပါတယ်။သက်တော် ၃၉ ရှိပါတယ်။ ဆရာတော်က ရေတွင်းအဟောင်းထဲမှာထိုင်ပြီး ဖုန်းပြောလေ့ရှိတယ်လို့သိရပါတယ်။ သေမှုသေခင်းဖွင့်ထားပါတယ်။''လို့ ကျောင်းကုန်းမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောပါတယ် ။
ဓာတ်ပုံ - ကျောင်းကုန်းမြို့မရဲစခန်း
ဖြစ်စဉ်က ဒီဇင်ဘာလ ၂၇ ရက်နေ့ မနက် ၁၀ နာရီလောက်မှာ နေ့ဆွမ်းအလှည့်ကျအလှူရှင်က ကျောင်းကို ဆွမ်းချိုင့်သွားပို့ချိန် ဆရာတော်ကို မတွေ့တာကြောင့် ဆရာတော်ရဲ့ဖုန်းကိုဆက်သွယ်ခဲ့ပေမဲ့လည်း မရတဲ့အတွက် ကျေးရွာအုပ်ချုပ်ရေးမှူးကိုအသိပေးခဲ့ပြီး လိုက်လံရှာဖွေခဲ့ရာ ဒီဇင်ဘာလ ၂၈ ရက် ညနေ ၅ နာရီအချိန်ခန့်မှာတော့ ကျောင်းဝင်းထဲက အသုံးမပြုတော့တဲ့ ရေတွင်းဟောင်းအတွင်းမှာ မှောက်လျှက်အနေအထားနဲ့ ပျံလွန်တော်မူနေတာကို စစ်ဆေးတွေ့ရှိရတာပဲဖြစ်ပါတယ်။
''ရေတွင်းအဟောင်းထဲ ပြုတ်ကျပျံလွန်တော်မူနေတာတွေ့ရပါတယ်။နေ့ဆွမ်းအလှည့်ကျ အလှူရှင်က ကျောင်းကိုသွားတော့မှ ဆရာတော်ကိုမတွေ့ရ တာဖြစ်ပါတယ်။ ဆရာတော်ရဲ့ဖုန်းကို ဆက်တော့လည်း မရပါဘူး။ တစ်ညအိပ်ပြီ းနောက်တစ်ရက်မှာ အခုလိုတွေ့ရတာ ဖြစ်ပါတယ်။ ဆရာတော်က သွေးတိုးရောဂါလည်းရှိပါတယ်။ အခုရေတွင်းပေါ် မှာ ထိုင်ပြီး ဖုန်းပြောလေ့လည်း ရှိပါတယ်'' လို့ ကျီးတောကျေးရွာဒေသခံ ကိုအေးနိုင်က ပြောပါတယ်။
အဲ့ဒီ ရေတွင်းအဟောင်းဟာ အသုံးမပြုတော့သည်မှာ ၈ နှစ်ခန့်ရှိနေပြီး ရေတွင်းနှုတ်ခမ်းအထူ ၈ လက်မ၊အဝအကျယ် ၅ ပေ၊အပေါ်မှရေအထိ ၁၆ ပေ၊အနက် ၈ ပေရှိတယ်လို့သိရပါတယ်။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။