ကိုယ်ဝန်ဆောင်တွေက မသုံးရဘူးတားမြစ်ထားပါတယ်။

AA medical product က ထုတ်လုပ်လိုက်တဲ့  ကိုဗစ်ရောဂါကုသဆေး FAVIPAC (Favipiravir 200mg) သောက်ဆေးဟာ ဆရာဝန်ညွှန်ကြားချက်မရရှိရင် သောက်သုံး၍မရကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောလိုက်ပါတယ်။



" ဒီဆေးက အလွတ်တန်းသုံးလို့မရဘူး။ဆရာဝန်ညွှန်ကြားချက်နဲ့သုံးရတာ၊ side effect လည်းတော်တော်ရှိတယ် " လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနကပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးက သတိပေးပြောကြားလိုက်တာပါ။

 ကိုယ်ဝန်ဆောင်၊ကျောင်ကပ်မကောင်းသူ၊အသည်းမကောင်းသူ၊ ဂေါက်ရောဂါရှိသူတွေ၊အသက်အရွယ်ကြီးရင့်သူတွေ၊ကလေးတွေ သတိထားပြီးသုံးစွဲဖို့တားမြစ်ထားပြီး ကိုယ်ဝန်ဆောင်တွေကတော့ မသုံးရဘူးတားမြစ်ထားတယ်လို့ ဒေါက်တာသန်းနိုင်စိုးက ဆိုပါတယ်။

"ဒီဆေးက ခုမှပေါ်တာမဟုတ်ဘူး။ ဂျပန်ကနေမြန်မာကိုအများကြီးလှူခဲ့တာရှိတယ်။ ရောဂါလက္ခာ နည်းနည်းပဲပြတာနဲ့ အသင့်တင့်ပြတဲ့သူမှာသုံးလို့ရတယ်။ ဂျပန်ကအများကြီးလှူခဲ့တော့အစပိုင်းမှာသုံးခဲ့တာရှိတယ်။သုံးခဲ့တဲ့အခါ ထိရောက်မှုတွေ ကောင်းခဲ့တဲ့ဟာတွေ ရှိတယ်။ ဥပမာ ပါရာစီတမော့ ဘိုင်အိုဂျက်စစ်အနေနဲ့လည်း လာချင်လာမယ်၊ပါရာကတ်အနေနဲ့လည်းလာမယ်၊ခုနပြောတဲ့ပါရာစီတမောဆိုတဲ့ဆေးကတော့ ကျွန်တော်တို့သုံးပြီးသားပေါ့။ အရေးပေါ်အခြေအနေမှာတော့ အသုံးပြုဖို့ခွင့်ပြုချက်ပေးရတယ်"လို့ ‌ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။

ဒါကြောင့် အဲ့ဒီ ကိုဗစ်ကုသဆေးကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေနဲ့  FDA ခွင့်ပြုချက်ရရှိပါက လက်ရှိကိုဗစ်ကုသရေးလုပ်ငန်း အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ - AA medical product

AA medical product ကုမ္ပဏီကတော့ ၎င်းတို့ထုတ်လုပ်လိုက်တဲ့ FAVIPAC (Favipiravir 200mg) သောက်ဆေးသည်မြန်မာနိုင်ငံ တွင် ပထမဆုံးထုတ်နိုင်ခြင်းဖြစ်ကြောင်း၊ဆေးကို Covid-19 ရောဂါလက္ခဏာ အနည်းငယ်ပြချိန်မှစပြီး သောက်သုံးကုသခြင်းဖြင့် အမြန်နလံထူလာနိုင်ခြင်း၊ အလွန်ဆိုးရွားသောရောဂါအဆင့်ကို ရောက်ရှိခြင်းမှ လျှော့ချနိုင်မှာဖြစ်တယ်လို့ ဒီနေ့ ဒီဇင်ဘာလ ၃၁ရက်မှာ AA Medical product က တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။

အဲ့ဒီ ကိုဗစ်ကုသရေးဆေးFAVIPAC (Favipiravir 200mg) ကို ရန်ကုန်တိုင်းထဲက ကိုဗစ်ကုသရေးဆေးရုံနှင့်ကိုဗစ်ကုသရေးဌာန ၁၅ ခု၊ မန္တလေးတိုင်းမှ ကိုဗစ်ကုသရေးဆေးရုံ ၃ ခု၊နေပြည်တော်ကုတင်၁၀၀၀၊မကွေးဆေးရုံကြီး၊စပ်စံထွန်းဆေးရုံကြီး၊ပဲခူးဆေးရုံကြီး၊ပုသိမ်ဆေးရုံကြီး၊မော်လမြိုင်ဆေးရုံကြီး၊မြစ်ကြီးနားဆေးရုံကြီး၊ ကိုဗစ်ကုသဆေး ၅၀၀၀၀ လှူဒါန်းသွားမည်ဖြစ်ပြီးဗဟိုဆေးသိုလှောင်ရေးဌာနCMSD မှာလည်း ဆေး ၁၀၀၀၀ ကိုသိုလှောင်ထားရှိမယ်လို့ ထုတ်ပြန်မှုမှာဖော်ပြထားပါတယ်။

အဆိုပါ generic medicine FAVIPAC (Favipiravir 200mg) tablet ကို အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဋ္ဌာနကို အောက်တိုဘာလဆန်းမှာ Registration Sample & Registration Dossier အပ်နှံပြီး ဆေးဝါးမှတ်ပုံတင်ခြင်းကို ဆောင်ရွက်ခဲ့ရာ ယခုအခါ Myanmar FDA ရဲ့ခွင့်ပြုချက်ရရှိခဲ့တယ်လို့လည်းဖော်ပြထားပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး FDA ကတာဝန်ရှိသူဆီ ဖုန်းဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားမှုမရှိခဲ့ပါဘူး။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က