အစ္စရေးက ကမ္ဘာတစ်ဝန်း ကာကွယ်ဆေးထိုးနှံမှုနှုန်း အမြင့်ဆုံးဖြစ်နေပါတယ်။

အစ္စရေးမှာ လူဦးရေ တစ်သန်းကျော်ကို COVID-19 ကာကွယ်ဆေးထိုးနှံပေးခဲ့ပြီးဖြစ်ကာ ကမ္ဘာတစ်ဝန်း ကာကွယ်ဆေးထိုးနှံမှုနှုန်း အမြင့်ဆုံး နိုင်ငံဖြစ်ကြောင်း သိရပါတယ်။

(Photo: Avi Dishi/Flash90)

လက်ရှိအချိန်အထိ အစ္စရေးမှာ ကာကွယ်ဆေးထိုးနှံပြီးမှုနှုန်းဟာ လူ ၁၀၀ လျှင် ၁၁.၅၅ ဖြစ်ပြီး ၎င်းရဲ့နောက်မှာ ဘာရိန်းက ၃.၄၉ နဲ့ ဗြိတိန်က ၁.၄၇ ဖြစ်ကြောင်း Oxford University ရဲ့ အချက်အလက်က ဖော်ပြပါတယ်။ နှိုင်းယှဥ်ချက်အရ ပြင်သစ်နိုင်ငံကတော့ ဒီဇင်ဘာ ၃၀ ရက်အထိ လူ ၁၃၈ ဦးကိုသာ ကာကွယ်ဆေးထိုးပေးခဲ့တယ်လို့ ဆိုပါတယ်။



COVID-19 ကာကွယ်ဆေးထိုးနှံမှု ကိန်းဂဏန်းတွေကို Oxford University နဲ့ ဗြိတိန်အခြေစိုက် ပညာရေးရန်ပုံငွေအဖွဲ့တစ်ဖွဲ့တို့က ပူးပေါင်းလုပ်ဆောင်တဲ့ Our World in Data မှာ ဖော်ပြထားတာ ဖြစ်ပါတယ်။ နိုင်ငံအသီးသီးမှာ COVID-19 ကာကွယ်ဆေး ပထမဆုံးအကြိမ် ထိုးနှံပြီးသူအရေအတွက်ကို Our World in Data က ရေတွက်ဖော်ပြထားတယ်လို့ ဆိုပါတယ်။

(Image: Our World in Data webpage screengrab)

တရားဝင်ခွင့်ပြုချက်ရ COVIVD-19 ကာကွယ်ဆေးအများစုဟာ နှစ်ကြိမ်ထိုးနှံရန်လိုအပ်ပြီး ပထမဆုံးအကြိမ်ထိုးပြီးနောက် အနည်းဆုံး သီတင်းတစ်ပတ်ကျော်အကြာမှာ နောက်တစ်ကြိမ် ထိုးနှံရပါတယ်။ ကမ္ဘာတစ်ဝန်း ကူးစက်မှုနဲ့ သေဆုံးမှုအများဆုံးဖြစ်တဲ့ အမေရိကန်မှာတော့ ကာကွယ်ဆေးထိုးပြီးသူဦးရေဟာ ၂၀၂၀ နှစ်ကုန်မှာ ကာကွယ်ဆေးထိုးပြီးရန် ရည်မှန်းထားခဲ့တဲ့ သန်း ၂၀ ထက် များစွာလျော့နည်းနေသေးပြီး ဒီဇင်ဘာ ၃၀ ရက်နေ့အထိ လူဦးရေ ၂.၈၇ သန်းကိုသာ ထိုးနှံပေးနိုင်ခဲ့ပါတယ်။

ထိုအတောအတွင်း ကူးစက်မှု ဒုတိယအများဆုံး အိန္ဒိယနိုင်ငံက ကာကွယ်ဆေးထိုးနှံမှုအစီအစဥ် အစမ်းလေ့ကျင့်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ အိန္ဒိယက ဗြိတိန်မှ Oxford-AstraZeneca ကာကွယ်ဆေးကို သောကြာနေ့ (ဇန်နဝါရီ ၁ ရက်) မှာ တရားဝင်ခွင့်ပြုချက်ပေးခဲ့ကြောင်းလည်း သိရပါတယ်။

(Photo: EPA)

COVID-19 အများဆုံးထိုးနှံပြီးဖြစ်တဲ့ အစ္စရေးနိုင်ငံက ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ကာကွယ်ဆေးထိုးနှံမှုတွေ စတင်ခဲ့ပြီး တစ်ရက်အတွင်း လူဦးရေ ၁၅၀,၀၀၀ ခန့်ကို ထိုးပေးခဲ့တာ ဖြစ်ပါတယ်။ အစ္စရေးမှာ အသက် ၆၀ နှစ်အထက်များ၊ ကျန်းမာရေးဝန်ထမ်းများနဲ့ ကူးစက်ခံရလွယ်နိုင်သူတွေကို ဦးစားပေးအဖြစ် COVID-19 ကာကွယ်ဆေးထိုးပေးနေပါတယ်။ လူဦးရေ ၈.၆ သန်းကျော်ရှိတဲ့ အစ္စရေးက Pfizer-BioNTech ကာကွယ်ဆေးတွေကို ကပ်ရောဂါကာလ အစောပိုင်းမှာကတည်းက ဆွေးနွေးညှိနှိုင်းပြီး ကြိုတင်ဝယ်ယူထားခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က