• Featured

    မဲရလဒ်ကန့်ကွက်နေတာ မယုံကြည်မှုပြဿနာဖြစ်ပြီး စစ်ဆေးမှုပြုလုပ်မှ ကန့်ကွက်မှုပြီးမယ်လို့ ပြည်ခိုင်ဖြိုးပါတီ သတိပေး

လက်ရှိမဲရလဒ်တွေကို ဒီအတိုင်းတော့ယုံကြည်မပေးဘူးလို့ USDPပါတီ ဒု-ဥက္ကဌ ဦးခင်ရီက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိနေတယ်ဆိုပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ က သက်ဆိုင်ရာတွေထံ ကန့်ကွက်မှုတွေ ၊ ထုတ်ပြန်မှုတွေ နဲ့ သတင်းစာရှင်းလင်းပွဲတွေကို ဆက်တိုက် လုပ်နေရတာက မယုံကြည်မှုပြဿနာဖြစ်ပြီး တောင်းဆိုထားတဲ့စစ်ဆေးမှုတွေကို လုပ်ဆောင်ပေးရင် ဒီလိုကန့်ကွက်မှုတွေ ပြီးဆုံးပြီလို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဒု-ဥက္ကဌ ဦးခင်ရီက ပြောကြားလိုက်ပါတယ်။

" ကျွန်တော်တို့ တောင်းတာ တစ်ချက်တည်း ။ ဘာတောင်းနေလဲဆိုတော့ re-election ကို တောင်းနေတာ မဟုတ်ဘူး။ re-counting ကို တောင်းနေတာ ။ ဒီလိုတွေ ဖြစ်နေတယ် ။ သီးခြားလွတ်လပ်တဲ့အဖွဲ့အစည်း ဖွဲ့ပြီး စစ်ပေးပါ ။ ဒီနေ့စစ်ပေးလိုက်ရင် ဒီနေ့ပြီးသွားပြီ။ယုံကြည်တယ်ဆိုရင် စစ်ပေးလိုက်ပါ။ ကလေး စကား ပြောရရင် သက်သက်အရွဲ့တိုက်နေတာလည်း မဟုတ်ဘူး။ တော်တော်ဆိုးဆိုးဝါးဝါးဖြစ်နေလို့ ။ အသေးစိတ်ပြောရင် သိပ်ကြာမှာမို့လို့။ အသေးစိတ် ကျွန်တော်တို့မှာ ရှိတဲ့အတွက်ကြောင့် သေချာချင်တယ် ဆိုရင် လုပ်ပေးလိုက်။ ကျွန်တော်ပြောသလို ဒီပြဿနာသည် ယုံကြည်မှုပြဿနာဖြစ်တယ်။ကျွန်တော်တို့ မယုံဘူး။ မယုံတာကို ယုံအောင်လုပ်ပေးလိုက်ရင် ဒါ ရှင်းသွားပြီ။ဒီတိုင်းတော့ ဘယ်လိုမှ မယုံနိုင်ဘူး။ ဘယ်လိုမှ အသိအမှတ်မပြုနိုင်ဘူး " လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဒု-ဥက္ကဌ ဦးခင်ရီက ပြောကြားလိုက်တာပါ။

ဒီလိုစစ်ဆေးမှုတွေနဲ့ပတ်သက်ပြီး ၂၀၁၅ရွေးကောက်ပွဲတုန်းကလည်း NLDပါတီဘက်က စွပ်စွဲမှုတွေကို ကော်မရှင်က စစ်ဆေးဆောင်ရွက်ပေးတဲ့ သာဓကရှိခဲ့ကာ စွပ်စွဲမှုမှားယွင်းလို့ အရေးယူခံရနိုင်တဲ့ အခြေအနေ ရှိခဲ့တယ်လို့ ဦးခင်ရီက ပြောပါတယ်။

"ဒီလို စစ်ဆေးပေးတာက အစဉ်အလာလည်းရှိတယ်လေ။ယခင် ၂၀၁၅တုန်းက မဲတွေ ဖယောင်းသုတ်တယ် ဆိုပြီး ဦးဉာဏ်ဝင်းတိုင်လို့ ဦးတင်အေးကော်မရှင် စစ်ခဲ့တယ်။ မှားလို့ ပြန်အရေးယူခံရမလိုတောင် ဖြစ်သေး တယ်။ အခုလည်း စစ်ပေးပါ ။မှားရင် ကျွန်တော်တို့ကို အရေးယူပါ ။ ကျွန်တော်တို့က တရားဝင်ထုတ်ပြန် တဲ့အချက်တွေအပေါ်မှာ ဒါတွေတွေ့နေတယ်။တွေ့တာကလည်း နည်းနည်းနောနောမဟုတ်ဘူး " လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ဒု-ဥက္ကဌ ဦးခင်ရီက ပြောပါတယ်။

လက်ရှိမှာတော့ပြည်ခိုင်ဖြိုး ပါတီအနေနဲ့ ဖွဲ့စည်းပုံဥပဒေအရ နိုင်ငံရဲ့ အကြီးအကဲဖြစ်တဲ့ သမ္မတထံကို ဒီမဲမသမာမှုတွေအတွက် တင်ပြထားပြီး တုန့်ပြန်ဆောင်ရွက်မှုမရှိတာကြောင့် တရားရေးမဏ္ဍိုင်ဘက်ကနေ ဆောင်ရွက်နေပြီး ပြည်ထောင်စုတရားလွှတ်တော်အထိ စာချွန်လွှာပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ဒီလို စာချွန်လွှာပို့ဆောင်မှုကို ပြည်ထောင်စုတရားလွှတ်တော်က လက်ခံထားတဲ့အတွက် အမှုစစ်မယ့်အချိန် စောင့်ဆိုင်းနေပြီး ဒီလို စောင့်ဆိုင်းနေစဉ်မှာပဲ ဥပဒေကြောင်းအရ လုပ်ဆောင်နိုင်တာတွေကိုလည်း ဆက်လက်လုပ်ဆောင်နေဦးမယ်လို့ ဒီနေ့ပြုလုပ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ သတင်းစာ ရှင်းလင်းပွဲမှာ ပါတီဒု-ဥက္ကဌ ဦးခင်ရီက ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က