ရဲနောင် ကတော့ သူ့ရဲ့ မွေးနေ့ကို ရန်ကုန်မှာ တစ်ယောက်တည်း ဖြတ်သန်းနေရပြီး နယ်မှာနေတဲ့ အမေ့ကို အွန်လိုင်းကနေ ကန်တော့ခဲ့ရတဲ့ ခံစားချက်ကို ပြောပြခဲ့ပါတယ်။

Photo: Ye Naung
Myanmar idol (Season-2) မှာကတည်းက ပရိသတ် အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ ရဲနောင်ကတော့ ဇန်နဝါရီလ (၅) ရက်နေ့တုန်းက အသက် (၂၇) နှစ်ပြည့်သွားပါပြီ။ သူ့ရဲ့ မွေးနေ့ တစ်နေ့တာ ဖြတ်သန်းခဲ့တဲ့ အမှတ်တရတွေကို Duwun ကနေ ပြောပြလာပါတယ်။
“ ကျွန်တော့် မွေးနေ့ကိုတော့ နယ်မပြန်ဖြစ်ဘူး ရန်ကုန် အိမ်မှာပဲ ဖြတ်သန်းဖြစ်တယ်။ ဒါပေမယ့် မွေးနေ့ အထိမ်းအမှတ်လေးအနေနဲ့ ကျွန်တော့် ကောင်မလေးက မိတ္ထီလာမှာရှိတဲ့ မိဘမဲ့ကျောင်းက ကလေးတွေအတွက် တစ်နေ့တာ အာဟာရ အလှူလေး လုပ်ဖြစ်တယ်။ ကျွန်တော်ကတော့ ရန်ကုန်ကနေ အမေ့ကို Online ကနေ Video Call ခေါ်ပြီးတော့ ကန်တော့တယ်၊ ဒီအချိန်မှာ လိုအပ်နေတာက ပိုက်ဆံဆိုတော့ အမေ့ကို ပိုက်ဆံနဲ့ပဲ ကန်တော့ ဖြစ်ပါတယ်" လို့ ဆိုပါတယ်။
Photo: Ye Naung
ရဲနောင်ရဲ့ ဇာတိကတော့ မအူပင်ဖြစ်ပါတယ်။ သူဟာ ရန်ကုန်မှာနေထိုင်ရင်း ဂီတအလုပ်တွေ လုပ်နေသူ တစ်ယောက်ပါ။ ဒါပေမယ့် Stay Home ကာလဖြစ်တာကြောင့် နယ်ကိုပြန်လို့လဲ မရသလို ပရိသတ်တွေနဲ့လည်း မတွေ့ရတဲ့ အတွက် ဝမ်းနည်းမိတယ်လို့ ရဲနောင်က ပြောပါတယ်။
“ ဒီနှစ် မွေးနေ့ကတော့ အရမ်းကို ပျင်းစရာကောင်းတဲ့ မွေးနေ့တစ်ခုပါ။ တကယ်ဆိုရင် ဒီအချိန်မှာ ကျွန်တော် ပွဲတွေ သွားရမယ်၊ ပွဲမှာပဲ ကိုယ့်ရဲ့ မွေးနေ့ အမှတ်တရလေး တစ်ခုခု လုပ်ဖြစ်မယ်ပေါ့လေ အကြီးကြီး ကြံစည်ထားတာပေါ့နော်။ အခုကျတော့ အိမ်ထဲမှာပဲ မွေးနေ့ စီစဉ်ရတယ်၊ အိမ်ထဲမှာပဲ မွေးနေ့ လုပ်ရတယ် ဆိုတော့ ပီတိထက်စာရင် ဝမ်းနည်းတာ ပိုပါတယ်။ ပြီးတော့ ချစ်သူလေးက ကျွန်တော့အတွက် မွေးနေ့ လက်ဆောင် အနေနဲ့ US ကနေ လှမ်းမှာပေးထားတဲ့ ear monitor လေး ဝယ်ပေးထားတယ်။ပြီးတော့ အလှူလေးလည်း လုပ်ပေးတယ် ဆိုတော့ ဘာပဲ ဖြစ်ဖြစ် ဝမ်းသာပါတယ်" လို့ဆက်လက် ပြောပြခဲ့ပါတယ်။
Photo: Ye Naung
ရဲနောင်ကိုတော့ ပရိသတ်တွေက Myanmar idol သီချင်းဆိုပြိုင်ပွဲဝင်တစ်ဦးအဖြစ်ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ၂၀၁၈ ခုနှစ်မှာ “ချာလီ” လို့ နာမည်ပေးထားတဲ့ ပထမဆုံး တစ်ကိုယ်တော်အခွေကို ထွက်ရှိနိုင်ခဲ့သူပါ။ အဲဒီနောက်မှာတော့ “သိပ်ချစ်လို့” ၊ “ရိုးမြေကျ” စတဲ့ Single Song လေးတွေ ထွက်ရှိထားပါသေးတယ်။ သူဟာ ကိုဗစ်မဖြစ်ပွားခင်က ဂီတဖျော်ဖြေပွဲတွေလည်း သွားရောက် သီဆိုနေရသူဖြစ်ပြီး ဒုတိယမြောက် အခွေထွက်နိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။