၂၀၂၀ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲအပြီးမှာတော့ လိဂ်-၁ကလပ်တွေဖြစ်တဲ့ ဇွဲကပင်၊ချင်းယူနိုက်တက်၊မကွေး အက်ဖ်စီ၊ဆောက်သမ်မြန်မာအသင်းတို့ မရှိတော့ပေမယ့် လိဂ်-၂မှာတော့ ဒဂုံအက်ဖ်စီနဲ့ မော်လမြိုင်စီးတီး အသင်း နှစ်သင်းတိုးလာပါတယ်။
၂၀၂၀ မြန်မာနေရှင်နယ်လိဂ်-၁ ပြိုင်ပွဲအပြီးမှာ တန်းဆင်းအသင်း မရှိခဲ့ဘဲ လိဂ်-၂မှ စည်းမျဥ်း သတ်မှတ်ချက်အရ တန်းတက် ၂သင်းရှိခဲ့ပါတယ်။
မြန်မာနေရှင်နယ်လိဂ် ကော်မတီ အစည်းအဝေးကို ယနေ့ ဇန်နဝါရီလ ၆ရက်နေ့မှာ ကျင်းပခဲ့ပြီး ၂၀၂၁ခုနှစ် မြန်မာ နေရှင်နယ်လိဂ် -၁ ကို အသင်း ၁၀သင်းဖြင့်လာမယ့် ဧပြီမှ စက်တင်ဘာလအတွင်း ကျင်းပဖို့ လျာထားသတ်မှတ် ခဲ့သလို လိဂ်-၂ကိုလည်း အသင်း ၈သင်းဖြင့် လာမယ့် မေလမှ ဩဂုတ်လအတွင်း ကျင်းပရန် လျာထားသတ်မှတ်ခဲ့ပါတယ်။
မနှစ်က လိဂ်-၁ ပြိုင်ပွဲမှာ အသင်း ၁၂သင်းရှိရာမှ ပထမအကျော့ အပြီးမှာ ဇွဲကပင်နဲ့ချင်းယူနိုက်တက်အသင်းတို့ ဖျက်သိမ်းသွားလို့ ဒုတိယအကျော့ကို ၁၀သင်းနဲ့ ဆက်လက်ကျင်းပခဲ့ရပါတယ်။
အဲ့နောက် မကွေးအသင်း ထပ်မံ ဖျက်သိမ်းခဲ့သလို ဆောက်သမ်းမြန်မာအသင်းကလည်း ၂၀၂၁ ပြိုင်ပွဲကို ဝင်မပြိုင်နိုင်တော့ပါဘူး။
ပြိုင်ပွဲအပြီးမှာတော့ တန်းဆင်းဇုန်ထဲမှာ နုတ်ထွက်သွားတဲ့ ဆောာက်သမ်းနဲ့ ISPEအသင်းတို့ ရှိနေကာ ဆောက်သမ်းအသင်းကတော့ နုတ်ထွက်သွားလို့ မရှိတော့ပေမယ့် ISPEအသင်းကတော့ စည်းမျဥ်းအတိုင်းဆိုရင် တန်းဆင်းရမှာပါ။
“တန်းဆင်းမရှိဖို့ သတ်မှတ်လိုက်ရတဲ့ အဓိက အကြောင်းရင်းကတော့ လိဂ်မှာ အသင်းနည်းသွားရင် နိုင်ငံတကာ သတ်မှတ်ချက်တွေ မကိုက်ညီနိုင်တော့မှာရယ်၊စပွန်ဆာ ကုမ္ပဏီတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်ရမှာကြောင့် အနည်းဆုံးတော့ ၁၀သင်းရှိမှ ဖြစ်မယ်လို့ ဆွေးနွေးခဲ့ကြပြီး အတည်ပြုခဲ့တာပါ။ဒါကြောင့် ဖျက်သိမ်းသွားတဲ့ ဇွဲကပ င်နဲ့ ချင်းကို တန်းဆင်းအသင်းအဖြစ် သတ်မှတ်ပြီး လိဂ်-၂က မြဝတီနဲ့ချင်းလန်းအသင်းတို့ တန်းတက်ခွင့်ရခဲ့တာ ပါ။”လို့ မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်က DuwunSportsကိုပြောပါတယ်။
လိဂ်-၂မှာလည်း အဆင့် ၁နေရာရခဲ့တဲ့ ဂျူနီယာ လိုင်းယွန်းအသင်းဟာ အေအက်ဖ်စီ သတ်မှတ်ချက်မပြည့်မီလို့ အဆင့် ၂က ချင်းလန်းနဲ့၃က မြဝတီအသင်းတို့ တန်းတက်ခွင့်ရခဲ့တယ်လို့ သိရပါတယ်။
တန်းဆင်းအသင်းမရှိပေမယ့်လည်း ကလပ်အသင်းသစ် ၂သင်း တိုးလာလို့ လိဂ်-၂မှာ မူလအတိုင်း ၈သင်း ရှိမြဲ ရှိနေမယ်လို့ သိရပါတယ်။
တိုးလာတဲ့ အသင်းတွေကတော့ မူလ ဖျက်သိမ်းပြီးမှ ပြန်လည်ဖွဲ့စည်းလာတဲ့ ဒဂုံအက်ဖ်စီနဲ့ မော်လမြိုင်စီးတီး အသင်းတို့ ဖြစ်တယ်လို့ သိရပါသေးတယ်။
ယနေ့အစည်းအဝေးမှာတော့ လိဂ်-၁နဲ့၂အပြင် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းကို ဇွန်လမှ စက်တင်ဘာလအထိ၊
လူငယ်ပြိုင်ပွဲတွေကို မေလမှ နိုဝင်ဘာလအထိ နဲ့ အမျိုးသမီးလိဂ်ပြိုင်ပွဲကို ဧပြီလမှ ဇူလိုင်လအထိ ကျင်းပနိုင်ရေး အသီးသီး သတ်မှတ်လျာထားခဲ့ကြပါတယ်။
Share