• Featured

    ရန်ကုန်မှာ ကိုဗစ်လူနာ (၃,၀၀၀) အောက်ကိုရောက်နေပြီဟု တိုင်း/ကျန်းဦးစီးမှူး အတည်ပြု

အခုဆိုလူနာ(၂၀၀) အောက်ကို ရောက်တဲ့နေ့တွေလည်းရှိလာပြီဟုဆို

ရန်ကုန်တစ်တိုင်းလုံးမှာ ဆေးရုံတက်ကုသနေတဲ့ ကိုဗစ်လူနာဦးရေ (၃,၀၀၀) အောက်ကို ရောက်နေပြီလို့ ရန်ကုန်တိုင်း ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က အတည်ပြုပြောကြားလိုက်ပါတယ်။

ယခင်က တစ်နိုင်ငံလုံးရဲ့ ပိုးတွေ့ရာခိုင်နှုန်း (၇၀) ရာခိုင်နှုန်းနဲ့ အမြင့်ဆုံးရှိခဲ့ပြီး နေ့စဉ် ပိုးတွေ့လူနာအသစ် ထောင်နဲ့ချီရှိခဲ့တဲ့ ရန်ကုန်တိုင်းအတွင်း (၂၀၂၀) ခုနှစ် နိုဝင်ဘာလကုန်ပိုင်းလောက်ကစတင်ကာ ပိုးတွေ့မှုနှုန်း သိသိသာသာကျဆင်းလာခဲ့တယ်လို့ ဒုညွှန်ချုပ် ဒေါက်တာထွန်းမြင့်က ဆိုပါတယ်။

ဒီကနေ့ ဇန်နဝါရီ (၆) ရက်က Chatrium Hotel မှာ ပြုလုပ်ခဲ့တဲ့ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းဝန်ကြီးဌာနရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့၊ ကျန်းမာရေးဦးစီးဌာနတို့က အကောင်အထည်ဖော်ဆောင်ရွက်တဲ့ Stop COVID Yellow Campaign ဆိုင်းဘုတ်ဖွင့်ပွဲအခမ်းအနားမှာ ပြောကြားခဲ့တာပါ။

“ သြဂုတ်လ (၁၆) ရက်ကစပြီး Case နံပါတ်- 375 ကနေ ဒုတိယလှိုင်းစခဲ့ကြတာပေါ့။ အဲဒီကစခဲ့တာ ထောင်နဲ့ချီရှိခဲ့တဲ့ နေ့တွေလည်း ရန်ကုန်တိုင်းမှာရှိခဲ့တယ်။ အောက်တိုဘာလမှာ အမြင့်ဆုံးဖြစ်ခဲ့တော့ ကျွန်တော်တို့ စဉ်းစားကြပါတယ်။ ပြည်ထောင်စုဝန်ကြီးကလည်း ကျွန်တော်တို့ကို လမ်းညွှန်မှု ပြုတယ်။ Mask Campaign လုပ်ဖို့ပေါ့လေ။ အဲဒီတော့ ရန်ကုန်တိုင်းအစိုးရရဲ့ ဦးဆောင်မှုနဲ့ Mask Campaign တွေ ကို နိုဝင်ဘာ (၁၅) ရက်မှာ စတင်ခဲ့တယ်။ ဈေးတွေ၊ ကားဂိတ်တွေ၊ ရထားဂိတ်တွေ ၊ လူစည်ကားတဲ့နေရာတွေမှာ ဆောင်ရွက်ခဲ့တယ်။ နိုဝင်ဘာ (၁၅) မှာစခဲ့ကြတာ နိုဝင်ဘာလလည်းကုန်ရော Case က သိသိသာသာကြီးကျဆင်းလာတယ်" လို့ ရန်ကုန်တိုင်းပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာထွန်းမြင့်က ဆိုပါတယ်။

ရန်ကုန်တိုင်းအတွင်း ပိုးတွေ့မှုနှုန်း တဖြည်းဖြည်းကျဆင်းလာရာမှာ ယခုရက်ပိုင်းအတွင်း တစ်ရက်ကို ပိုးတွေ့လူနာအသစ် (၂၀၀) အောက်ကို ရောက်တဲ့ ရက်တွေလည်း ရှိခဲ့ပြီး လူနာသစ်တွေ့ရှိနှုန်းနဲ့ ဆေးရုံတက်ကုသမှုနှုန်းက နှစ်အချိုးတစ် ဖြစ်နေပြီလို့လည်း ဆိုပါတယ်။

“ အခုဆိုရင် (၂၀၀) အောက်ကို ရောက်တဲ့နေ့တွေလည်း ရှိလာပြီ။ ပိုးတွေ့ရှိမှုနှုန်း အရေအတွက် ကျလာတယ်။ Positive နည်းလာတော့ Contact တွေလည်း နည်းလာပြီ။ ကုသရေးစင်တာတွေမှာ လူနာ (၃,၀၀၀) အောက်ကိုရောက်သွားပြီ။ ဆေးရုံကနေ လူနာနှစ်ယောက်ဆင်းရင် ပြန်တက်တဲ့သူက တစ်ယောက်ပဲရှိတော့တယ်။ ဒီအချိုးကို ရောက်သွားပြီ” လို့ ဒေါက်တာထွန်းမြင့်ကဆိုပါတယ်။

ရန်ကုန်အပါအဝင် မြန်မာတစ်နိုင်ငံလုံးမှာ ၂၀၂၀ ဒီဇင်ဘာလအတွင်း ကိုဗစ်လူနာသစ်တွေ့ရှိမှုနှုန်းက တစ်ရက်ကို ပျှမ်းမျှ (၅၀၀) ဝန်းကျင်သာရှိခဲ့ပြီး ၂၀၂၁ ဇန်နဝါရီလဆန်းပိုင်းမှာတော့ လူနာသစ်တွေ့ရှိမှု(၆၀၀) ဝန်းကျင်ပြန်တက်လာတာကို ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က