တန်ဖိုးနည်း Samsung Galaxy M series ဖုန်းသစ်တစ်မျိုးကို အိန္ဒိယဈေးကွက်မှာ မိတ်ဆက်လိုက်ပါတယ်။
Galaxy M02s လို့ နာမည်ပေးထားတဲ့ ဒီဖုန်းဟာ Samsung ရဲ့ ဈေးအနည်းဆုံး ဘက်ဂျက်ဖုန်းသစ် ဖြစ်ပြီး ကြီးမားတဲ့ဘက်ထရီနဲ့ ကျောဘက်သုံးလုံးတွဲကင်မရာများ သုံးလာပါတယ်။ Waterdrop notch ဒီဇိုင်းနဲ့ လာတာ ဖြစ်ပြီး အနီ ၊ အနက်နဲ့ အပြာ သုံးရောင်ဆိုပြီး ထွက်ထားပါတယ်။ ဒီဖုန်းဟာ ပြီးခဲ့တဲ့ ရက်အနည်းငယ်ကပဲ နီပေါဈေးကွက်ထဲ ဝင်ခဲ့တဲ့ ဖုန်းဖြစ်ပါတယ်။

Photo: GSMArena
မျက်နှာပြင်အရွယ်အစား ၆.၅ လက်မ HD+ LCD screen နဲ့ လာပြီး Infinity-V notch ထဲမှာ 5MP f/2.2 selfie ကင်မရာ ထည့်ထားပါတယ်။ processor အနေနဲ့ 1.8GHz octa-core Snapdragon 450 SoC သုံးထားပါတယ်။ ဘက်ဂျက်ဖုန်းဖြစ်တဲ့အတိုင်း entry-level chipset ပဲ သုံးထားတာ ဖြစ်ပြီး memory အနေနဲ့ RAM 3GB/32GB storage ဗားရှင်းနဲ့ RAM 4GB/64GB storage ဆိုပြီး ထွက်ထားပါတယ်။
dual SIM အမျိုးအစားဖြစ်ပြီး storage ထပ်မြှင့်ဖို့အတွက် microSD support လည်း ပေးထားပါတယ်။ ကျောဘက်မှာ 13MP main sensor ၊ 2MP macro နဲ့ 2MP depth sensor ဆိုပြီး ကင်မရာသုံးလုံးကို ထောင်လိုက်စတုဂံပုံစံ Camera Module ထဲမှာ ထည့်ထားပါတယ်။ နောက်ထပ်စိတ်ဝင်စားစရာကောင်းတာက USB-C port ကနေ အားသွင်းနိုင်မယ့် 5000mAh ဘက်ထရီသုံးထားတာပါပဲ။ ဘက်ထရီအားသွင်းမှုကိုတော့ 15W fast charging ပံ့ပိုးထားပါတယ်။
ဒီဖုန်းမှာ 3.5mm headphone jack ထည့်ပေးထားပြီး ဆော့ဖ်ဝဲစနစ်အနေနဲ့ Android 10 ကို အခြေခံထားတဲ့ Samsung One UI နဲ့ လာပါတယ်။ ၈၉၉၉ ရူပီး (မြန်မာငွေ ၁ သိန်း ၆ သောင်းကျော်) ဈေးနဲ့ စတင်ရောင်းချသွားမှာပါ။